
အခုတစ်ပတ် ယှဉ်ပြိုင်ကစားမယ့် ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာ လီဗာပူးလ်ကစားသမား ဂျိုတာအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် တစ်မိနစ်ငြိမ်သက်သွားမယ်လို့ သိရပါတယ်။
၂၀၂၅-၂၆ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကို အခုတစ်ပတ် စတင်မှာဖြစ်ပြီး သောကြာညမှာ လီဗာပူးလ် - ဘုန်းမောက်ပွဲနဲ့ စတင်ဖွင့်လှစ်သွားမှာပါ။
လီဗာပူးလ်အသင်းရဲ့ တိုက်စစ်ကစားသမား ဂျိုတာဟာ ပြီးခဲ့တဲ့ ဇူလိုင်(၃)ရက်နေ့မှာ ညီဖြစ်သူ အန်ဒရေဆေးလ်ဗားနဲ့အတူ ယာဉ်မတော်မတဖြစ်ပြီး ကွယ်လွန်သွားခဲ့ပါတယ်။
ဒါကြောင့် လာမယ့် ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာ ကလပ်အသင်းတွေက လက်ပတ်အနက် တပ်ဆင်ခြင်းနဲ့အတူ ပွဲမစခင် တစ်မိနစ်ငြိမ်သက်သွားမှာဖြစ်ကြောင်း ပရီးမီးယားလိဂ်က အတည်ပြုကြေညာခဲ့ပါတယ်။
ဒါ့အပြင် ကွင်းအတွင်းမှာရှိတဲ့ ရုပ်သံတွေမှာလည်း ဂျိုတာနဲ့ ညီဖြစ်သူရဲ့ အမှတ်တရပုံရိပ်တွေကို ပြသသွားမယ်လို့ သိရပါတယ်။
လီဗာပူးလ်နဲ့ ပဲလေ့စ်တို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ကွန်မြူနတီဒိုင်းပွဲမှာ တစ်မိနစ် ငြိမ်သက်ခဲ့ချိန်မှာတော့ ပဲလေ့စ်ပရိသတ်အနည်းငယ်က လှောင်ပြောင်မှု ပြုလုပ်ခဲ့တာကြောင့် ဝေဖန်ပြစ်တင်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။