
ရီးယဲလ်မက်ဒရစ်အသင်းက ဗီလာရီးယဲလ် -ဘာစီလိုနာပွဲ အမေရိကန်မှာ ကစားမယ့်အစီအစဉ်ကို ကန့်ကွက်နေပြီး သက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ ခွင့်ပြုမပေးဖို့ လိုလားနေကြောင်း သိရပါတယ်။
ဗီလာရီးယဲလ်နဲ့ ဘာစီလိုနာအသင်းတို့က ဒီဇင်ဘာ (၂၀)မှာ လာလီဂါပွဲစဉ်(၁၇)အဖြစ် ယှဉ်ပြိုင်ရမယ့် ဗီလာရီးယဲလ် - ဘာစီလိုနာပွဲကို အမေရိကန်မှာ သွားရောက်ယှဉ်ပြိုင်ခွင့်ပြုဖို့ လာလီဂါကတစ်ဆင့် စပိန်ဘောလုံးအဖွဲ့ချုပ်(RFEF) ထံ တောင်းဆိုခဲ့ပါတယ်
ဒါကို သြဂုတ်(၁၁)ရက်မှာ ပြုလုပ်ခဲ့တဲ့ RFEF ကောင်စီအစည်းအဝေးမှာ RFEF က လက်ခံခွင့်ပြုပေးလိုက်ပြီး UEFA နဲ့ FIFA ရဲ့ ခွင့်ပြုချက်ကို ဆက်ပြီးတောင်းခံသွားမယ်လို့ ကြေညာချက်ထုတ်ပြန်ခဲ့တာကြောင့် ရီးယဲလ်အသင်းက ကန့်ကွက်ခဲ့တာပါ။
ရီးယဲလ်အသင်းက ဒီလိုခွင့်ပြုခြင်းဟာ အဲဒီအသင်းတွေကို အခွင့်အရေးပိုပေးသလိုဖြစ်စေကြောင်း၊ ပြိုင်ပွဲဝင်အသင်းအားလုံးရဲ့ သဘောတူညီမှုရရှိမှာသာ ခွင့်ပြုရမှာဖြစ်ကြောင်းနဲ့ ဒီအစီအစဉ်ကို ခွင့်ပြုမပေးဖို့ UEFA နဲ့ FIFA တို့ထံ တောင်းဆိုထားကြောင်း ကြေညာခဲ့ပါတယ်။
ဗီလာရီးယဲလ် - ဘာစီလိုနာပွဲကို မိုင်ယာမီက Hard Rock Stadium မှာ ယှဉ်ပြိုင်ဖို့ စီစဉ်ထားတာဖြစ်ပြီး ဗီလာရီးယဲလ်အသင်းဥက္ကဋ္ဌက တစ်ရာသီစာလက်မှတ် ကိုင်ဆောင်ထားသူတွေကို လေယာဉ်လက်မှတ်နဲ့ ပွဲလက်မှတ် အခမဲ့ပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။
လိုက်မကြည့်နိုင်တဲ့သူတွေကိုတော့ တစ်ရာသီစာ လက်မှတ်တန်ဖိုးရဲ့ (၂၀)ရာခိုင်နှုန်း ပြန်အမ်းပေးသွားဖို့ စီစဉ်ထားကြောင်းလည်း သိရပါတယ်။