
PSG အသင်းရဲ့ တိုက်စစ်ကစားသမား ဒမ်ဘီလီက ပြီးခဲ့တဲ့ရာသီက ရည်မှန်းချက်အတိုင်း ယခုရာသီမှာလည်း ဆုဖလားအားလုံး ရယူနိုင်ဖို့ ကြိုးစားသွားမယ်လို့ ပြောကြားခဲ့ပါတယ်။
PSG အသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ ချန်ပီယံလိဂ်အပါအဝင် ဖလားသုံးလုံးအောင်ပွဲရရှိခဲ့ပြီး ကလပ်ကမ္ဘာ့ဖလားမှာတော့ ဒုတိယရရှိခဲ့ပါတယ်။
ဒမ်ဘီလီက PSG အသင်းအတွက် ပြိုင်ပွဲစုံ (၅၃)ပွဲကစားပြီး (၃၅)ဂိုးသွင်းယူကာ အဓိကအကျဆုံးကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြခဲ့တာကြောင့် ၂၀၂၅ ခုနှစ်အတွက် Ballon d'Or ဆု ရရှိဖို့လည်း ရေပန်းစားနေပါတယ်။
ဒမ်ဘီလီကို UEFA ဝက်ဘ်ဆိုက်က ချန်ပီယံလိဂ်ရာသီသစ်အတွက် မေးမြန်းခဲ့ရာမှာ '' ပြီးခဲ့တဲ့ရာသီကအတိုင်းပါပဲ။ ကျွန်တော်တို့က ဆုဖလားရယူနိုင်စွမ်းရှိတဲ့ အသင်းတွေထဲက တစ်သင်းပါ။ ပြီးခဲ့တဲ့ရာသီကလိုပဲ ဆုဖလားအားလုံး ရယူနိုင်ဖို့ ကျွန်တော်တို့ ရည်မှန်းထားပါတယ်'' လို့ ပြောကြားခဲ့ပါတယ်။
ဒမ်ဘီလီက ပြီးခဲ့တဲ့ရာသီမှာ ပြိုင်ဘက်အသင်းတွေရဲ့ ခြေစွမ်းက အရင်ထက် အဆင့်အတန်းပိုမြင့်လာခဲ့ပြီး သူတို့က ပိုကောင်းအောင် ကစားနိုင်ခဲ့တာကြောင့်သာ အောင်ပွဲတွေ ရရှိခဲ့ခြင်းဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။