Eleven Media Group

■ အခြေခံပညာဆရာ/ဆရာမများ အထူးမွမ်းမံသင်တန်းသို့ တက်ရောက်ရန် သွားရောက်သည့် ရေးမြို့နယ်မှ ဆရာမသုံးဦးကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွား

အခြေခံပညာဆရာ/ဆရာမများ အထူးမွမ်းမံသင်တန်းသို့ တက်ရောက်ရန် သွားရောက်သည့် ရေးမြို့နယ်မှ ဆရာမသုံးဦးကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ဩဂုတ် ၁၄ ရက် နံနက်ပိုင်းအချိန်က ရေးမြို့နယ်အတွင်းမှ ကျောင်းဆရာမ သုံးဦးမှာ မော်လမြိုင်မြို့တွင် ဖွင့်လှစ်မည့် အခြေခံပညာဆရာ/ဆရာမများ အထူးမွမ်းမံသင်တန်းသို့ တက်ရောက်ရန် ရေးမြို့မှ မော်လမြိုင်မြို့သို့ မော်တော်ယာဉ်စီးပြီး လာရောက်စဉ် နံနက် ၇ နာရီအချိန်ခန့်တွင် သံဖြူဇရပ်မြို့နယ် ဝဲခမိကျေးရွာအနီး မော်လမြိုင် - ရေးကားလမ်းတွင် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။

လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့၏ ဖမ်းဆီးခြင်းခံခဲ့ရသည့် ကျောင်းဆရာမ သုံးဦးမှာ အ.ထ.က (နှစ်ကရင်) ကျောင်းမှ အသက် (၂၉) နှစ်အရွယ် လက်ထောက်မူလတန်းပြ ဒေါ်အင်ကြင်းဦး၊ အ.ထ.က (မော့ကနင်) ကျောင်းမှ ဒုတိယအလယ်တန်းပြ ဒေါ်ခင်လေးမွန်နှင့် အ.ထ.က (လမိုင်း) ကျောင်းမှ ဒုတိယမူလတန်းပြ ဒေါ်ဇာခြည်သော် တို့ဖြစ်ကြကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “ကျောင်းဆရာမ သုံးဦးကို ဘယ်လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားလဲဆိုတာ စုံစမ်းထောက်လှမ်းမှုတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်” ဟု ပြောကြားသည်။

အဆိုပါကျောင်းဆရာမ သုံးဦးအား မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းက ဖမ်းဆီးခေါ်ဆောင်သွားသည်ကိုလည်း ထုတ်ပြန်ခြင်းမရှိသေးပေ။

၂၀၂၄ ခုနှစ် ဩဂုတ် ၂ ရက်ကလည်း သံဖြူဇရပ်မြို့နယ် ဝဲခမိကျေးရွာရှိ အ.ထ.က (ဝဲခမိ) စာသင်ကျောင်းသို့ အင်အား ၁၅ ဦးခန့်ပါရှိသည် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ရောက်ရှိလာပြီး ကျေင်းအုပ်ဆရာကြီး အပါအဝင် ဆရာ/ဆရာမ ငါးဦးအား ဖမ်းဆီးခေါ်သွားပြီးနောက်၊ ရက်ပေါင်း ၂၉ ရက်ခန့် ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပြီး ဩဂုတ် ၃၁ ရက်မှသာ ထိုကျောင်းအုပ်ဆရာကြီးအပါအဝင် ဆရာ/ဆရာမ ငါးဦးမှာ ပြန်လည်လွတ်မြောက်လာကြကြောင်း သိရသည်။

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ဝဲခမိကျေးရွာ မော်လမြိုင် - ရေးကားလမ်းတွင် လက်နက်ကိုင်အဖွဲ့အစည်းမျိုးစုံ လှုပ်ရှားမှုများရှိကြောင်းလည်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

မူရင်းသတင်း — Eleven Media Group