
စပါးအသင်းကနေ မေဂျာလိဂ်ကလပ် LAFC အသင်းကို ပြောင်းရွှေ့ခဲ့တဲ့ ကိုရီးယားကစားသမား ဆွန်ဟောင်မင်ရဲ့ ဂျာစီဟာ အားကစားလောကမှာ ရောင်းအကောင်းဆုံးအဖြစ် စံချိန်တင်ခဲ့ကြောင်း သိရပါတယ်။
ဆွန်ဟောင်မင်(၃၃ နှစ်)ဟာ စပါးအသင်းမှာ (၁၀)နှစ်ကြာကစားခဲ့ပြီးတဲ့နောက် အခုနွေရာသီမှာ LAFC အသင်းကို မေဂျာလိဂ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့တာပါ။
ဆွန်ဟောင်မင်ဟာ LAFC အသင်းကို သြဂုတ်(၆)ရက်ကမှ ရောက်ရှိခဲ့တာဖြစ်ပေမဲ့ သူ့ရဲ့ ဂျာစီရောင်းချရမှုက အားကစားလောကမှာ ရောင်းအကောင်းဆုံးအဖြစ် စံချိန်တင်ခဲ့ပြီလို့ LAFC အသင်းရဲ့ ပူးတွဲဥက္ကဋ္ဌလည်းဖြစ်၊ အထွေထွေမန်နေဂျာလည်းဖြစ်တဲ့ ဂျွန်သော်ရင်တန်က ပြောကြားခဲ့တာဖြစ်ပါတယ်။
''အခုက ဒုတိယပတ်ပါ။ ကျွန်တော်တို့ မေဂျာလိဂ်မှာ ရောင်းအကောင်းဆုံးဘောလုံးဂျာစီဖြစ်တဲ့အကြောင်းတင် ပြောနေတာမဟုတ်ပါဘူး။ ဒါက ဘယ်အားကစားမှာမဆို ကမ္ဘာ့ရောင်းအကောင်းဆုံးဂျာစီ ဖြစ်နေတာပါ။ ကျွန်တော်တို့ ဆွန်အကြောင်း ပြောနေတာပါ'' လို့ ဂျွန်သော်ရင်တန်က ပြောကြားခဲ့ပါတယ်။
ဆွန်ဟောင်မင်ဟာ LAFC အသင်းနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပြီး နောက်ထပ် သက်တမ်းတိုးနိုင်တဲ့ သဘောတူညီမှုတွေလည်း ပါဝင်ကြောင်း သိရပါတယ်။