Eleven Media Group

■ မန္တလေးမြို့တွင် ကလေးကျောင်းကြိုပြန်လာသည့် ခင်ပွန်းဖြစ်သူအား ပြန်ပေးဆွဲပြီး ဇနီးဖြစ်သူကို ငွေဖြင့် လာရွေးခိုင်းသူများအား ဖမ်းဆီးရမိ

မန္တလေးမြို့တွင် ကလေးကျောင်းကြိုပြန်လာသည့် ခင်ပွန်းဖြစ်သူအား ပြန်ပေးဆွဲပြီး ဇနီးဖြစ်သူကို ငွေဖြင့် လာရွေးခိုင်းသူများအား သြဂုတ် ၁၅ ရက်တွင်ပင် ချက်ချင်းဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ အမရပူရမြို့နယ် တလင်းကြီးကျေးရွာအုပ်စု ဝဲကြီးဆင်ရွာကျေးရွာနေ ဦးသန်းထိုက်အောင်သည် သြဂုတ်၁၅ ရက် မွန်းလွဲ ၃ နာရီခန့်က ကလေးကျောင်းကြိုပြန်လာစဉ် မင်းရွာသုသာန်လမ်းရောက်ချိန် အမည်မသိအမျိုးသား ငါးဦးက ကားဖြင့် ဆွဲခေါ်သွားခံခဲ့ရခြင်းဖြစ်သည်။

ထို့နောက် ပြန်ပေးဆွဲခေါ်ခံရသူ၏ ဇနီးဖြစ်သူအား ငွေဖြင့် လာရောက်ရွေးရန် ပြန်ပေးဆွဲသူများက ဆက်သွယ်ပြောကြားခဲ့သဖြင့် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့ထံ ဆက်သွယ်အကြောင်းကြားခဲ့ကြောင်း သိရသည်။

အဆိုပါပြန်ပေးဆွဲသူများက ချိန်းဆိုထားသည့်နေရာသို့ တာဝန်ရှိသူများက လိုက်လံရှာဖွေခဲ့ရာ အသက်၁၉ နှစ်အရွယ် လူငယ်အပါအဝင် အမျိုးသားငါးဦးကို လိုင်စင်မဲ့မော်တော်ယာဉ်တစ်စီး၊ ၁၂ လက်မခန့် ဓားတို့နှင့် ဖမ်းဆီးရမိခဲ့ရာ မြစ်ငယ်နယ်မြေရဲစခန်းတွင် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group