
ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့နည်းပြ ဂလက်စ်နာက အက်ဇီ၊ ဂူဟီတို့ရဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်နေခြင်းအတွက် ဖတ်ရတဲ့သတင်းတိုင်းကို မယုံကြည်သင့်ကြောင်း အကြံပြုပြောကြားခဲ့ပါတယ်။
အင်္ဂလန်တောင်ပံကစားသမား အက်ဇီကို အာဆင်နယ်နဲ့ စပါးတို့က ခေါ်ယူဖို့ ကြိုးပမ်းနေပြီး စပါးကို ရောက်ရှိတော့မယ်လို့ သတင်းထွက်နေသလို၊ အင်္ဂလန်နောက်ခံလူ ဂူဟီကလည်း လီဗာပူးလ်အသင်းကို ရောက်ရှိတော့မယ်လို့ သတင်းထွက်နေပါတယ်။
ဒါကြောင့် ချယ်လ်ဆီးနဲ့ ယှဉ်ပြိုင်တဲ့ပွဲမှာ အဲဒီကစားသမားတွေ လွဲချော်ရနိုင်ကြောင်း ထင်ကြေးပေးခဲ့ကြပေမဲ့ နှစ်ဦးစလုံး ပွဲထွက်ကစားခဲ့ကြပါတယ်။
'' ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်း သူတို့နှစ်ယောက်အတွက် သတင်းတွေအများကြီး ထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမဲ့ လီဗာပူးလ်နဲ့ပွဲမှာ သူတို့ ဘယ်လိုစွမ်းဆောင်ခဲ့သလဲဆိုတာ အားလုံး မြင်တွေ့နိုင်မှာဖြစ်သလို၊ ဒီနေ့ပွဲမှာလည်း အသင်းအတွက် (၁၀၀)ရာခိုင်နှုန်း အားထုတ်ကစားခဲ့ကြပါတယ်။ ကျွန်တော့်အနေနဲ့ ဂျာနယ်လစ်တွေနဲ့ ပုဂ္ဂိုလ်ရေးပြဿနာ ဘာမှ မရှိပါဘူး။ ဒါပေမဲ့ ကလေးတွေကို အကြံပြုချင်ပါတယ်။ ဖတ်ရတဲ့သတင်းတိုင်းကို မယုံကြည်ပါနဲ့။ အထူးသဖြင့် အင်တာနက်က ဟာတွေကိုပါ'' လို့ ဂလက်စ်နာက ပြောကြားခဲ့ပါတယ်။
ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ဒီနွေမှာ လက်ရှိအချိန်အထိ အမာခံကစားသမားတွေကို ထိန်းထားနိုင်ဆဲဖြစ်ပါတယ်။