Eleven Media Group

ဂိုးသမားသစ် ခေါ်ယူဖို့ မလိုဘူးလို့ အာမိုရင်မ် ပြောကြား

Photo: X

မန်ယူအသင်းရဲ့နည်းပြ အာမိုရင်မ်က အာဆင်နယ်နဲ့ပွဲမှာ အမှားအယွင်းဖြစ်ခဲ့တဲ့ ဂိုးသမား ဘေယင်ဒါကို ထောက်ခံကြောင်းနဲ့ ဂိုးသမားသစ် ခေါ်ယူဖို့မလိုကြောင်း ပြောကြားခဲ့ပါတယ်။
မန်ယူအသင်းရဲ့ ပထမဂိုးသမား အိုနာနာဟာ တံကောက်ကြောဒဏ်ရာကြောင့် ရာသီကြိုပွဲတွေနဲ့ လွဲချော်ခဲ့ရပေမဲ့ အာဆင်နယ်နဲ့ပွဲအမီ ဒဏ်ရာပျောက်ကောင်းပြီး ကြံ့ခိုင်မှုပြည့်ဝခဲ့ပါတယ်။
ဒါပေမဲ့ အာမိုရင်မ်က အာဆင်နယ်နဲ့ပွဲမှာ တူရကီဂိုးသမား ဘေယင်ဒါကိုပဲ အသုံးပြုခဲ့ပြီး ပေးလိုက်ရတဲ့ဂိုးက သူ့အမှားကြောင့်လို့ ထောက်ပြမှုတွေ ရှိခဲ့ပါတယ်။
ဒီအတွက် အာမိုရင်မ်က ''လက်ရှိဂိုးသမား(၃)ယောက်နဲ့ ကျေနပ်ပါတယ်။ ဘေယင်ဒါက ဘောလုံးကို ဖမ်းဖို့ ရွေးချယ်ခဲ့ပေမဲ့ တွန်းထုတ်ခံလိုက်ရတယ်လို့ ကျွန်တော် မြင်ပါတယ်။ သူ့အနေနဲ့ ဘောလုံးကို ဖမ်းဖို့ ရွေးချယ်ရင် သူ့ရဲ့လက်တွေကို ဘောလုံးကို ဖမ်းဖို့အတွက်ပဲ အသုံးပြုရမှာပါ။ ကစားသမားတွေကို တွန်းထုတ်ဖို့ ရွေးချယ်ခဲ့တာကြောင့် ဘောလုံးက သူ့ကို ကျော်ဖြတ်သွားတာပါ'' လို့ ပြောကြားခဲ့ပါတယ်။
အာမိုရင်မ်က အာဆင်နယ်ကို ရှုံးနိမ့်ခဲ့ပေမဲ့ မိိမိတို့ ပိုကောင်းတဲ့အသင်းဖြစ်ခဲ့ကြောင်းနဲ့ ပရီးမီးယားလိဂ်မှာ ဘယ်အသင်းကိုမဆို အနိုင်ယူနိုင်တဲ့ခြေစွမ်းမျိုးရှိကြောင်း သက်သေပြနိုင်ခဲ့တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group