
ဘိုင်ယန်မြူးနစ်အသင်းရဲ့ တိုက်စစ်မှူး ဟာရီကိန်းက ကစားသမားသစ်တွေ ထပ်မံခေါ်ယူဖို့ အသင်းတာဝန်ရှိသူတွေကို တိုက်တွန်းပြောကြားခဲ့ကြောင်း သိရပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီနှစ် နွေရာသီအပြောင်းအရွှေ့ကာလမှာ ထိပ်တန်းကစားသမားတွေထဲက လူးဝစ်ဒီယက်ဇ် တစ်ဦးကိုသာ ခေါ်ယူထားနိုင်သေးတာကြောင့် ဟာရီကိန်းက ထပ်ခေါ်ဖို့ တိုက်တွန်းခဲ့ခြင်းလည်းဖြစ်ပါတယ်။
''အသင်းရဲ့ လူစာရင်းက ကျွန်တော် ကစားခဲ့သမျှကာလအတွင်း အသေးငယ်ဆုံးဖြစ်နိုင်ပါတယ်။ စျေးကွက်ပိတ်ဖို့ အချိန်တွေ ကျန်နေသေးတာကြောင့် နည်းပြ၊ အားကစားဒါရိုက်တာနဲ့ ဘုတ်အဖွဲ့ဝင်တွေ ဆုံးဖြတ်နိုင်ပါလိမ့်ဦးမယ်'' လို့ ဂျာမန်စူပါဖလားပွဲအပြီးမှာ ဟာရီကိန်းက ပြောကြားခဲ့ပါတယ်။
ဟာရီကိန်းက ရာသီကြိုကာလမှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ လူငယ်ကစားသမားတချို့ ရှိနေပေမဲ့ လုံလောက်မှုမရှိဘူးလို့လည်း ဆိုခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းက လက်ရှိအချိန်မှာ တိုက်စစ်ပိုင်းကို အားဖြည့်နိုင်ဖို့ ကြိုးပမ်းနေကြောင်း သိရပါတယ်။