
၂၀၂၅ ခုနှစ်အတွက် PFA ရဲ့ ဆုပေးပွဲအခမ်းအနားကို အင်္ဂါညက ကျင်းပခဲ့ရာမှာ PFA အကောင်းဆုံးကစားသမားဆုကို လီဗာပူးလ်တိုက်စစ်ကစားသမား ဆာလာက ရရှိခဲ့ပြီး အကောင်းဆုံးလူငယ်ကစားသမားဆုကို အက်စတွန်ဗီလာကွင်းလယ်ကစားသမား မော်ဂန်ရော်ဂျာစ်က ရရှိခဲ့ပါတယ်။
ဆာလာက PFA အကောင်းဆုံးကစားသမားဆုကို တတိယအကြိမ်မြောက်ရရှိခဲ့တာဖြစ်ပြီး (၃)ကြိမ်ရရှိတဲ့ ပထမဆုံးကစားသမားအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပါတယ်။
PFA အကောင်းဆုံးအမျိုးသမီးကစားသမားဆုကို အာဆင်နယ်တိုက်စစ်ကစားသမား ကယ်လ်ဒန်တေးက ရရှိခဲ့ပြီး အကောင်းဆုံးအမျိုးသမီးလူငယ်ကစားသမားဆုကို အာဆင်နယ်တိုက်စစ်မှူး အိုလီဗီယာစမစ်က ရရှိခဲ့ပါတယ်။
အင်္ဂလန်လက်ရွေးစင်နည်းပြဟောင်း ဆောက်ဂိတ်က ၂၀၂၅ ခုနှစ်အတွက် PFA ရဲ့ ဂုဏ်ပြုဆု ရရှိခဲ့ပါတယ်။
PFA ရဲ့ဆုချီးမြှင့်ပွဲမှာ လိဂ်အလိုက် အကောင်းဆုံးအသင်းတွေကိုလည်း ရွေးချယ်ခဲ့ရာမှာ ပရီးမီးယားလိဂ်အကောင်းဆုံးအသင်းမှာ လီဗာပူးလ်အသင်းက ကစားသမား(၄)ဦး ပါဝင်ပြီး အများဆုံးဖြစ်ခဲ့ပါတယ်။
PFA အကောင်းဆုံးအသင်းမှာ ရွေးချယ်ခံခဲ့ရသူတွေကတော့ ဂိုး-မက်ဇ်ဆဲလ်စ်၊ နောက်- ဆာလီဘာ၊ ဂါဘရီယဲလ်၊ ဗန်ဒိုက်၊ ကာကက်ဇ်၊ လယ် - မက်အယ်လစ္စတာ၊ ဂရာဗန်ဘတ်ချ်၊ ဒက်ကလန်ရိုက်စ်၊ ရှေ့ - ဆာလာ၊ အီဆက်ခ်၊ ခရစ္စဝုဒ်တို့ ဖြစ်ပါတယ်။