
အင်တာမိုင်ယာမီအသင်းမှာ ကစားနေတဲ့ ဥရုဂွေးတိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်က အသင်းဖော် မက်ဆီနဲ့အတူ ကစားသမားဘဝက အနားယူဖို့ ဆန္ဒရှိနေကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
အသက်(၃၈)နှစ်ရှိပြီဖြစ်တဲ့ ဆွာရက်ဇ်ဟာ ၂၀၂၄ ခုနှစ်မှာ လက်ရွေးစင်ကစားသမားဘဝကနေ အနားယူခဲ့ပေမဲ့ ကစားသမားဘဝကနေ အပြီးတိုင် အနားယူဖို့ကိုတော့ မဆုံးဖြတ်ရသေးဘူးလို့ ဆိုပါတယ်။
ဆွာရက်ဇ်ဟာ မက်ဆီနဲ့အတူ ဘာစီလိုနာအသင်းမှာ အချိန်ကြာမြင့်စွာ တွဲဖက်ကစားခဲ့သလို၊ အခု အင်တာမိုင်ယာမီအသင်းမှာ ပြန်ဆုံနေကြတာပါ။
သူတို့က ကွင်းပြင်ပမှာလည်း အလွန်ရင်းနှီးတဲ့ မိတ်ဆွေတွေဖြစ်တာကြောင့် ကစားသမားဘဝကို အတူတူအဆုံးသတ်ဖို့ ဆွာရက်ဇ်က လိုလားနေခြင်းဖြစ်ကြောင်း သိရပါတယ်။
''လက်ရှိအချိန်မှာ အနားယူဖို့ ကျွန်တော် ဆုံးဖြတ်ဦးမှာ မဟုတ်ပါဘူး။ ကျွန်တော် ပြောနိုင်တာကတော့ သူ(မက်ဆီ)နဲ့အတူ အနားယူဖို့ ဆန္ဒရှိတယ်ဆိုတာပါပဲ။ ဘာကြောင့်လဲဆိုတော့ ပြီးခဲ့တဲ့နှစ်တွေကတည်းက အတူတူအနားယူဖို့ ကျွန်တော်တို့ ပြောဖြစ်ခဲ့ကြပါတယ်။ အဲဒီလိုဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီလိုဖြစ်ဖို့ သူ့ရဲ့စာချုပ်သစ်၊ ကျွန်တော့်ရဲ့ စာချုပ်သစ်တွေအပေါ် မူတည်ပါတယ်'' လို့ ဆွာရက်ဇ်က ပြောကြားခဲ့ပါတယ်။
ဆွာရက်ဇ်နဲ့ မက်ဆီတို့က ၂၀၂၅ ရာသီကုန်ရင် အင်တာမိုင်ယာမီအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ကြောင်း သိရပါတယ်။