Eleven Media Group

နယူးကာဆယ်အသင်း ကတိဖျက်ခဲ့တယ်လို့ အီဆက်ခ် လူမှုကွန်ရက်မှာ ရေးသားခဲ့ပြီး နယူးကာဆယ် ပြန်လည်တုံ့ပြန်

Photo: X

နယူးကာဆယ်အသင်းရဲ့ တိုက်စစ်မှူး အီဆက်ခ်က အသင်းအနေနဲ့ သူ့အပေါ် ကတိဖျက်ခဲ့တာကြောင့် ရှေ့ဆက်ဖို့ မဖြစ်နိုင်တော့ဘူးလို့ လူမှုကွန်ရက်မှာ ရေးသားခဲ့ပြီး နယူးကာဆယ်အသင်းကလည်း ပြန်လည်တုံ့ပြန်မှု ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
ဆွီဒင်တိုက်စစ်မှူး အီဆက်ခ်ဟာ နယူးကာဆယ်အသင်းက ထွက်ခွာဖို့ ဆန္ဒရှိနေသူဖြစ်ပြီး အသင်းနဲ့ သူ့ရဲ့ ဆက်ဆံရေးက ပိုမိုတင်းမာလာပါတယ်။
အီဆက်ခ်က အင်္ဂါညက ပြုလုပ်ခဲ့တဲ့ PFA ဆုပေးပွဲအခမ်းအနားကို မတက်ရောက်ခဲ့ပေမဲ့ PFA ရဲ့ ပရီးမီးယားလိဂ်အကောင်းဆုံးအသင်းမှာ ရွေးချယ်ခံရတဲ့အတွက် ဂုဏ်ယူကြောင်း ရေးသားခဲ့ပါတယ်။
အဲဒီပို့စ်မှာပဲ အီဆက်ခ်က နယူးကာဆယ်အသင်းဟာ ပေးထားတဲ့ကတိကို ချိုးဖျက်ခဲ့ကြောင်း၊ အဲဒီအတွက် သူ့အနေနဲ့ ယုံကြည်မှုပျောက်ဆုံးသွားပြီဖြစ်တာကြောင့် အသင်းနဲ့ ဆက်ဆံရေးက ရှေ့ဆက်လို့ မရနိုင်တော့ကြောင်းလည်း ရေးသားခဲ့ပါတယ်။
ဒါကြောင့် နယူးကာဆယ်အသင်းကလည်း အသင်းဝက်ဘ်ဆိုက်ကတစ်ဆင့် ကြေညာချက်ထုတ်ပြန်ရာမှာ အီဆက်ခ်ရဲ့ ပို့စ်အတွက် စိတ်ပျက်မိကြောင်းနဲ့ ဒီနွေမှာ နယူးကာဆယ်အသင်းကနေ ထွက်ခွာနိုင်တယ်လို့ ကတိမပေးခဲ့ဖူးကြောင်း၊ အသင်းနဲ့ ပြန်လက်တွဲမယ်ဆိုရင် ကြိုဆိုသွားမှာဖြစ်ကြောင်း ရေးသားခဲ့ပါတယ်။
အီဆက်ခ်ကတော့ လီဗာပူးလ်အသင်း ကြေးတိုးမြှင့်ပြီး ထပ်မံကမ်းလှမ်းဖို့ မျှော်လင့်နေကြောင်း သိရပါတယ်။

မူရင်းသတင်း — Eleven Media Group