
မန်ယူအသင်းရဲ့ အာဂျင်တီးနားတောင်ပံကစားသမား ဂါနာချိုဟာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပြီး ချယ်လ်ဆီးအသင်းထံ ပြောင်းရွှေ့ဖို့သာ လိုလားနေကြောင်း သိရပါတယ်။
ဂါနာချို(၂၁ နှစ်)ဟာ ဒီနွေမှာ အသင်းသစ်ရှာဖွေဖို့ မန်ယူနည်းပြ အာမိုရင်မ် ညွှန်ကြားထားတဲ့ ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး သူ့ကို ခေါ်ယူလိုတဲ့ ကလပ်အသင်းများစွာ ရှိနေပါတယ်။
ဒါပေမဲ့ ဂါနာချိုက ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ဖို့သာ ဆန္ဒရှိတာကြောင့် ဘိုင်ယန်မြူးနစ်ရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ခြင်း ဖြစ်ကြောင်း နာမည်ကျော် ဂျာနယ်လစ် ဖာဘရီဇီယိုရိုမာနိုက ဆိုခဲ့ပါတယ်။
ဒါကြောင့် ချယ်လ်ဆီးအသင်းက ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိထားတဲ့ အခြေအနေမျိုးဖြစ်နေပြီး မန်ယူအသင်းနဲ့ ပြောင်းရွှေ့ကြေးညှိနှိုင်းဖို့သာ လိုတော့ကြောင်းလည်း သုံးသပ်ခဲ့ပါတယ်။
မန်ယူအသင်းက ဂါနာချိုအတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း(၄၀)ဝန်းကျင် အလိုရှိနေပေမဲ့ ချယ်လ်ဆီးအသင်းက ပေါင်(၂၅)သန်းဝန်းကျင်သာ ပေးချေလိုကြောင်း သိရပါတယ်။