
ရိုးမားအသင်းဟာ အက်စတွန်ဗီလာအသင်းက ဂျမေကာလက်ရွေးစင်တောင်ပံကစားသမား လီယွန်ဘေလီကို တစ်ရာသီအငှားစာချုပ်နဲ့ ခေါ်ယူခဲ့ပြီး အပြီးသတ်ခေါ်ယူနိုင်မယ့် သဘောတူညီချက်လည်း ပါဝင်ကြောင်း သိရပါတယ်။
ရိုးမားအသင်းဟာ တစ်ရာသီ အငှားခေါ်ယူမှုအတွက် အက်စတွန်ဗီလာအသင်းကို ငှားရမ်းခ ယူရို(၂)သန်းပေးရမှာဖြစ်ပြီး ရာသီကုန်ချိန်မှာ ယူရို(၂၂)သန်းနဲ့ အပြီးသတ်ခေါ်ယူနိုင်မယ်လို့ အီတလီဂျာနယ်လစ် ဖာဘရီဇီယိုရိုမာနိုက ဖော်ပြခဲ့ပါတယ်။
အက်စတွန်ဗီလာအသင်းဟာ ဘေလီ(၂၈ နှစ်)ကို ၂၀၂၁ နွေရာသီမှာ လေဗာကူဆင်အသင်းကနေ ပေါင်(၂၅)သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားတာပါ။
ဘေလီဟာ အက်စတွန်ဗီလာအသင်းမှာ (၄)ရာသီ ကစားခဲ့တဲ့အနက် ၂၀၂၃-၂၄ ရာသီမှာ ခြေစွမ်းအပြနိုင်ဆုံးဖြစ်ပြီး ပြိုင်ပွဲစုံ(၅၂)ပွဲကစားကာ (၁၄)ဂိုး သွင်းယူပေးခဲ့ပါတယ်။
ဒါကြောင့် ပြီးခဲ့တဲ့နွေရာသီမှာ ထိပ်သီးအသင်းတွေက ဘေလီကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ကြပေမဲ့ အက်စတွန်ဗီလာအသင်းက ဆက်ထိန်းထားခဲ့ပြီး အခုမှ ရိုးမားအသင်းဆီ အငှားချလိုက်တာဖြစ်ပါတယ်။