
အာဆင်နယ်အသင်းရဲ့ ကစားသမားဟောင်း ဝေါလ်ကော့က တိုက်စစ်မှူးသစ် ယိုကယ်ရက်စ်အနေနဲ့ ခြေစွမ်းပြနိုင်ဖို့ အချိန်ယူရလိမ့်မယ်လို့ သုံးသပ်ခဲ့ပါတယ်။
ယိုကယ်ရက်စ်(၂၇ နှစ်)ဟာ အခုနွေရာသီမှာ စပို့တင်းလစ္စဘွန်းကနေ အာဆင်နယ်အသင်းကို ပေါင်(၆၃.၅)သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး မန်ယူနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲမှာတော့ ခြေစွမ်းပြနိုင်ခြင်းမရှိခဲ့ပါဘူး။
ဒါကြောင့် မန်ယူနောက်ခံလူဟောင်း ဖာဒီနန်က အချိန်ပေးဖို့လိုကြောင်း သုံးသပ်ခဲ့သလို၊ အခု ဝေါလ်ကော့ကလည်း ယိုကယ်ရက်စ်အနေနဲ့ အာဆင်နယ်အသင်းနဲ့ ပရီးမီးယားလိဂ်မှာ အသားကျဖို့ အချိန်ယူရလိမ့်မယ်လို့ သုံးသပ်ခဲ့တာပါ။
''အိုးလ်ထရက်ဖို့ဒ်မှာ ကစားရတဲ့ ရာသီအဖွင့်ပွဲက အမြဲတမ်းခက်ခဲမှာပါ။ ပြီးတော့ ကျွန်တော့်အနေနဲ့ အသင်းသစ်နဲ့ အသားကျဖို့ သုံးပွဲလေးပွဲလောက် အချိန်ယူရတယ်လို့ ထင်ပါတယ်။ ယိုကယ်ရက်စ်ကို ကြည့်လိုက်ပါ။ သူ့အနေနဲ့ အချိန်အတော်ယူရလိမ့်မယ်လို့ ထင်ပါတယ်'' လို့ ဝေါလ်ကော့က ပြောကြားခဲ့ပါတယ်။
ယိုကယ်ရက်စ်ဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ ဂိုးမသွင်းနိုင်ခဲ့ပေမဲ့ ဂိုးသွင်းဘုရင်ဆုအတွက် ရေပန်းစားမှုမှာတော့ တတိယနေရာမှာ ဆက်ရှိနေကြောင်း သိရပါတယ်။