Eleven Media Group

ဗီလာရီးယဲလ် - ဘာစီလိုနာပွဲ မိုင်ယာမီမှာ ကစားမယ့်အစီအစဉ်ကို စပိန်ပရော်ဖက်ရှင်နယ်ဘောလုံးသမားများအဖွဲ့အစည်း ကန့်ကွက်

Photo: X

စပိန်ပရော်ဖက်ရှင်နယ်ဘောလုံးသမားများအဖွဲ့အစည်း(AFE)က ဗီလာရီးယဲလ် - ဘာစီလိုနာပွဲ မိုင်ယာမီမှာ ကစားမယ့်အစီအစဉ်ကို ကန့်ကွက်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
ဗီလာရီးယဲလ်နဲ့ ဘာစီလိုနာအသင်းတို့က ဒီဇင်ဘာ(၂၀)မှာ ဗီလာရီးယဲလ်ကွင်းမှာ ယှဉ်ပြိုင်ကစားရမယ့် လာလီဂါပွဲကို အမေရိကန်နိုင်ငံ၊ မိုင်ယာမီမြို့မှာ သွားရောက်ကစားဖို့ တောင်းဆိုခဲ့ပြီး လာလီဂါနဲ့ စပိန်ဘောလုံးအဖွဲ့ချုပ်တို့က ခွင့်ပြုပေးခဲ့ပါတယ်။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)နဲ့ ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)တို့ရဲ့ ခွင့်ပြုချက်ကို ယူရဦးမှာဖြစ်ပေမဲ့ ရီးယဲလ်မက်ဒရစ်အသင်းက ခွင့်မပြုသင့်ကြောင်း ချက်ချင်းကန့်ကွက်ခဲ့သလို၊ အခု AFE ကလည်း ကန့်ကွက်ခဲ့တာပါ။
ဒီကိစ္စအတွက် လာလီဂါအသင်း(၂၀)က အသင်းခေါင်းဆောင်တွေဟာ ကြာသပတေးနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ဒီအစီအစဉ်ကို ကန့်ကွက်ဖို့ ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရပါတယ်။
AFE ရဲ့ ကြေညာချက်ထဲမှာ မိမိတို့အနေနဲ့ စုစည်းမှုရှိကြောင်း၊ မိမိတို့ကို လေးစားမှုနဲ့ ပွင့်လင်းမြင်သာမှုရှိဖို့ လိုလားကြောင်း၊ အခုလိုအကြောင်းအရာမျိုးမှာ အဓိကကျတဲ့ ကစားသမားတွေအပါအဝင် အားလုံးရဲ့ သဘောတူညီမှုရရှိဖို့ လိုအပ်ကြောင်း ပါဝင်ခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group