
ဘက်တစ်အသင်းနည်းပြ ပယ်လီဂရီနီက မန်ယူတိုက်စစ်ကစားသမား အန်တိုနီကို ပြန်လည်ခေါ်ယူလိုကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။
ဘရာဇီးလ်ကစားသမား အန်တိုနီဟာ မန်ယူအသင်းကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိခဲ့သူဖြစ်ပေမဲ့ မျှော်လင့်သလောက်ခြေစွမ်းပြနိုင်ခြင်းမရှိတာကြောင့် လက်ရှိအချိန်မှာ အရောင်းစာရင်း တင်သွင်းခံထားရပါတယ်။
မန်ယူအသင်းက ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့မှာလည်း အန်တိုနီကို ဘက်တစ်အသင်းဆီ အငှားချခဲ့ပြီး စပိန်မြေမှာတော့ အန်တိုနီက ခြေစွမ်းပြနိုင်ခဲ့ပါတယ်။
ဒါကြောင့် အန်တိုနီက ဘက်တစ်အသင်းဆီ ပြောင်းရွှေ့ကစားဖို့ ဆန္ဒရှိနေသလို၊ ဘက်တစ်နည်းပြ ပယ်လီဂရီနီကလည်း သူ့ကို ပြန်ခေါ်လိုကြောင်း ပြောကြားခဲ့တာပါ။
''အန်တိုနီနဲ့တော့ စကားမပြောရသေးပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့နဲ့ (၆)လတာ လက်တွဲခဲ့ချိန်မှာ သူ အရမ်းပျော်ရွှင်ခဲ့တယ်ဆိုတာ အားလုံးအသိပါပဲ။ ကျွန်တော်တို့ သူ့ကို ပြန်ခေါ်ချင်ပါတယ်။ သူကလည်း သေချာပေါက် ပြန်လာချင်ပါတယ်။ ဒါပေမဲ့ မန်ယူအသင်းအပေါ် မူတည်ပါတယ်'' လို့ ပယ်လီဂရီနီက ပြောကြားခဲ့ပါတယ်။