
ဒီရာသီမှာ မန်စီးတီးကနေ အဲဗာတန်အသင်းကို အငှားနဲ့ ပြောင်းရွှေ့ကစားနေတဲ့ အင်္ဂလန်တိုက်စစ်ကစားသမား ဂရီးလစ်ရှ်က ဘောလုံးကို ပျော်ရွှင်စွာ ပြန်ကစားခွင့်ရလိုတယ်လို့ ပြောကြားခဲ့ပါတယ်။
ဂရီးလစ်ရှ်ဟာ လိဒ်စ်ကို ရှုံးနိမ့်ခဲ့တဲ့ ရာသီအဖွင့်ပွဲမှာ လူစားဝင်ကစားသမားအဖြစ်သာ ပါဝင်ခဲ့ရပေမဲ့ ဘရိုက်တန်ကို အနိုင်ရတဲ့ပွဲမှာတော့ ပွဲထွက်ကစားသမားအဖြစ် ကစားခွင့်ရခဲ့ပြီး အသင်းရရှိတဲ့ နှစ်ဂိုးစလုံးကို ဖန်တီးပေးခဲ့ပါတယ်။
ဒါကြောင့် အဲဒီပွဲရဲ့ ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆု ရရှိခဲ့သလို၊ ချီးကျူးမှုများစွာလည်း ရရှိခဲ့ပါတယ်။
ဂရီးလစ်ရှ်ဟာ ပြီးခဲ့တဲ့ရာသီက မန်စီးတီးအသင်းအတွက် ပရီးမီးယားလိဂ်မှာ (၇၁၅)မိနစ်သာ ကစားခွင့်ရခဲ့ပြီး ဂွါဒီယိုလာက နေရာမပေးလိုတော့တာကြောင့် အခုလို အငှားချခံခဲ့ရတာပါ။
အဲဗာတန်အသင်းနဲ့အတူ ခြေစွမ်းပြနိုင်ခဲ့တဲ့နောက်မှာတော့ ဂရီးလစ်ရှ်က ''မန်စီးတီးလို ကမ္ဘာ့အကောင်းဆုံးအသင်းတစ်သင်းကနေ ထွက်ခွာရတာ ခက်ခဲပါတယ်။ ကျွန်တော် အဲဒီက အချိန်ကာလတွေကိုလည်း တကယ်ချစ်ပါတယ်။ ဒါပေမဲ့ ဒီနွေမှာတော့ ကျွန်တော် အပြောင်းအလဲ လုပ်ချင်ခဲ့ပါတယ်။ အဲဗာတန်ကလည်း အသင်းကြီးတစ်သင်းပါ။ အဓိကအချက်ကတော့ ဘောလုံးကို ပျော်ပျော်ရွှင်ရွှင်ကစားခွင့်ရချင်လို့ပါပဲ'' လို့ ပြောကြားခဲ့ပါတယ်။