Eleven Media Group

ပရိသတ်တွေနဲ့ ပြဿနာဖြစ်ပွားခဲ့ခြင်းအတွက် ဘိုဝင် ပြန်လည်တောင်းပန်

Photo: Daily Mail

ဝက်စ်ဟမ်းအသင်းခေါင်းဆောင် အင်္ဂလန်တိုက်စစ်ကစားသမား ဘိုဝင်ဟာ ဝုလ်ဗ်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ဝက်စ်ဟမ်းပရိသတ်တချို့နဲ့ ပြဿနာဖြစ်ပွားခဲ့ခြင်းအတွက် ပြန်လည်တောင်းပန်ခဲ့ကြောင်း သိရပါတယ်။
ဒီရာသီမှာ ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်နေရတဲ့ ဝက်စ်ဟမ်းအသင်းဟာ ပရီးမီးယားလိဂ်မှာ နှစ်ပွဲဆက်ရှုံံးနိမ့်ခဲ့သလို၊ လိဂ်ဖလားမှာလည်း ဝုလ်ဗ်အသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် ဒုတိယအဆင့်ကနေ ထွက်ခွာခဲ့ရပါပြီ။
ဘိုဝင်ဟာ ဝုလ်ဗ်နဲ့ပွဲအပြီး ဝက်စ်ဟမ်းပရိသတ်တွေကို နှုတ်ဆက်ချိန်မှာ ဒေါသထွက်နေတဲ့ ပရိသတ်တချို့နဲ့ ပြဿနာဖြစ်ခဲ့တာဖြစ်ပြီး အသင်းဖော်တွေက ဆွဲခေါ်ထိန်းသိမ်းခဲ့ရပါတယ်။
ဒါပေမဲ့ အဲဒီဖြစ်ရပ်အတွက် ဘိုဝင်က Instagram ကနေ ပြန်လည်တောင်းပန်ခဲ့သလို၊ ဝက်စ်ဟမ်းနည်းပြ ဂရေဟမ်ပေါ်တာကလည်း စုစည်းညီညွတ်ဖို့ လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။
''ဒီညဖြစ်ရပ်အတွက် ပရိသတ်တွေကို တောင်းပန်ပါတယ်။ ကျွန်တော်က ကွင်းထဲကို ခြေချပြီးတာနဲ့ အချိန်တိုင်း တိုက်ပွဲဝင်သွားမယ့်သူတစ်ယောက်ပါ။ ကျွန်တော် ခင်ဗျားတို့နဲ့ ဒီအသင်းကို ဘယ်လောက်ချစ်သလဲဆိုတာ ခင်ဗျားတို့ပရိသတ်တွေ သိပါတယ်။ ကျွန်တော်တို့ ဆိုးရွားတဲ့ အချိန်ကာလတွေကို အတူဖြတ်သန်းနေရတာပါ။ တနင်္ဂနွေနေ့မှာ ခင်ဗျားတို့အားလုံးနဲ့ ပြန်ဆုံချင်ပါတယ်'' လို့ ဘိုဝင်က ရေးသားခဲ့တာပါ။

မူရင်းသတင်း — Eleven Media Group