
၂၀၂၅-၂၆ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ League Phase အတွက် မဲခွဲပွဲကို မနက်ဖြန် သြဂုတ် (၂၈)မှာ ကျင်းပမှာဖြစ်ကြောင်း သိရပါတယ်။
ချန်ပီယံလိဂ် League Phase မှာ ပြီးခဲ့တဲ့ရာသီကအတိုင်း ကလပ်အသင်း(၃၆)သင်း ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပြီး အသင်းတစ်သင်းဟာ ပြိုင်ဘက်(၈)သင်းနဲ့ ယှဉ်ပြိုင်ကစားရမှာပါ။
အဲဒီအတွက် ဘယ်ပြိုင်ဘက်တွေနဲ့ ဆုံတွေ့ရမလဲဆိုတာ မဲခွဲရွေးချယ်ပေးမှာဖြစ်ပြီး မဲခွဲပွဲကို မိုနာကိုမှာ မြန်မာစံတော်ချိန် ည ၁ဝး၃၀ နာရီမှာ ကျင်းပသွားမယ်လို့ သိရပါတယ်။
၂၀၂၅-၂၆ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အင်္ဂလန်ကလပ်တွေက အများဆုံးအဖြစ် (၆)သင်းယှဉ်ပြိုင်ခွင့်ရရှိထားပြီး မန်စီးတီး၊ လီဗာပူးလ်နဲ့ ချယ်လ်ဆီးတို့က Pot 1၊ အာဆင်နယ်က Pot 2 ၊ စပါးက Pot 2 ဒါမှမဟုတ် Pot 3၊ နယူးကာဆယ်က Pot 4 မှာ ကျရောက်နေပါတယ်။
ပြိုင်ပွဲဝင်ကလပ်အသင်းတစ်သင်းဟာ Pot တစ်ခုချင်းစီက ပြိုင်ဘက်နှစ်သင်းနဲ့ ဆုံတွေ့ရမှာဖြစ်ပြီး နိုင်ငံတူအသင်းတွေတော့ ဆုံတွေ့ရမှာ မဟုတ်ပါဘူး။
ယူရိုပါလိဂ်နဲ့ ကွန်းဖရန့်လိဂ်အတွက် မဲခွဲပွဲကိုတော့ ပူးတွဲကျင်းပသွားမှာဖြစ်ပြီး သြဂုတ်(၂၈)ရက် မြန်မာစံတော်ချိန် ညနေ ၅း၃၀ နာရီမှာ စတင်သွားမယ်လို့ သိရပါတယ်။