Eleven Media Group

ဘက်ဆစ်တက်နည်းပြရာထူးက ဆိုးလ်ရှားထုတ်ပယ်ခံရ

Photo: Getty Images

မန်ယူအသင်းရဲ့ ကစားသမားနဲ့ နည်းပြဟောင်း ဆိုးလ်ရှားဟာ ဘက်ဆစ်တက်နည်းပြရာထူးက ထုတ်ပယ်ခံလိုက်ရကြောင်း သိရပါတယ်။
ဆိုးလ်ရှားဟာ ဘက်ဆစ်တက်အသင်းကို ၂၀၂၅ ဇန်နဝါရီကမှ တစ်နှစ်ခွဲစာချုပ်နဲ့ တာဝန်ယူကိုင်တွယ်ခဲ့တာဖြစ်ပြီး (၇)လအကြာမှာပဲ ရာထူးက ထုတ်ပယ်ခံခဲ့ရတာပါ။
ကြာသပတေးနေ့က ယှဉ်ပြိုင်ခဲ့တဲ့ ကွန်းဖရန့်လိဂ် Play-offs ဒုတိယအကျော့မှာ လော်ဆိန်းအသင်းကို ရှုံးနိမ့်ပြီး ပြိုင်ပွဲက ထွက်ခဲ့ရတာကြောင့် ဘက်ဆစ်တက်အသင်းက ဆိုးလ်ရှားကို ထုတ်ပယ်ခဲ့ခြင်းလည်းဖြစ်ပါတယ်။
''ကွန်းဖရန့်လိဂ်က ထွက်ခဲ့ရတဲ့နောက်မှာ ဘက်ဆစ်တက်အသင်းရဲ့ဘုတ်အဖွဲ့ဒါရိုက်တာတွေအနေနဲ့ အရေးပေါ်အစည်းအဝေးကျင်းပခဲ့ပြီး နည်းပြ ဆိုးလ်ရှားနဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဘက်ဆစ်တက်အသင်းအတွက် မစ္စတာဆိုးလ်ရှား လုပ်ဆောင်ပေးခဲ့တာတွေအတွက် ကျေးဇူးတင်ပါတယ်။ အနာဂတ်မှာ ကံကောင်းပါစေလို့လည်း ဆုတောင်းပါတယ်'' လို့ ဘက်ဆစ်တက်အသင်းက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
ဆိုးလ်ရှားဟာ ဘက်ဆစ်တက်အသင်းမှာ (၂၉)ပွဲကိုင်တွယ်ခွင့်ရခဲ့ပြီး (၁၅)ပွဲနိုင်၊ (၅)ပွဲသရေ၊ (၉)ပွဲရှုံးခဲ့ကြောင်း သိရပါတယ်။

မူရင်းသတင်း — Eleven Media Group