Eleven Media Group

ဇာဗီဆိုင်မွန်စ်ကို ယူရိုသန်း(၆၀)နဲ့ စပါးသဘောတူညီမှုရရှိ

Photo: X

စပါးအသင်းဟာ လိုက်ပ်ဇစ်အသင်းက နယ်သာလန်တိုက်စစ်ကစားသမား ဇာဗီဆိုင်မွန်စ်ကို ခေါ်ယူဖို့ ယူရိုသန်း(၆၀)နဲ့ သဘောတူညီမှုရရှိခဲ့ပြီလို့ သိရပါတယ်။
ဇာဗီဆိုင်မွန်စ်(၂၂ နှစ်)ဟာ လိုက်ပ်ဇစ်အသင်းနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသူဖြစ်ပြီး ဒီနွေမှာ အသင်းပြောင်းတော့မယ်လို့ အစောပိုင်းကတည်းက သတင်းထွက်ခဲ့သူပါ။
ဇာဗီဆိုင်မွန်စ်ကို ချယ်လ်ဆီးအသင်းက ဇူလိုင်လကတည်းက ကြိုးပမ်းနေခဲ့ပြီး ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိခဲ့ပြီလို့ သတင်းထွက်ခဲ့ပေမဲ့ လက်ရှိအချိန်မှာ စပါးနဲ့ လိုက်ပ်ဇစ်တို့ သဘောတူညီမှုရရှိသွားပြီလို့ နာမည်ကျော်ဂျာနယ်လစ် ဖာဘရီဇီယိုရိုမာနိုက ဖော်ပြခဲ့ပါတယ်။
ဒါကြောင့် စပါးအသင်းက ဒီနေ့ ဆေးစစ်မှုပြုလုပ်ပြီး စာချုပ်ချုပ်ဆိုနိုင်ဖို့ ရည်ရွယ်ထားကြောင်း သိရပါတယ်။
ဇာဗီဆိုင်မွန်စ်ဟာ လက်ရှိအချိန်မှာ လန်ဒန်ကို ရောက်ရှိနေပြီလို့လည်း သိရပါတယ်။

မူရင်းသတင်း — Eleven Media Group