Eleven Media Group

အာမိုရင်မ်နေရာ အစားဝင်ရန် ပဲလေ့စ်နည်းပြ ဂလက်စ်နာ ရေပန်းအစားဆုံးဖြစ်လာ

Photo: X

ခရစ္စတယ်ပဲလေ့စ်နည်းပြ ဂလက်စ်နာဟာ မန်ယူနည်းပြ အာမိုရင်မ်နေရာ အစားထိုးခန့်အပ်ခံရဖို့အတွက် ရေပန်းအစားဆုံးဖြစ်လာကြောင်း သိရပါတယ်။
အာမိုရင်မ်ကို မန်ယူအသင်းဘုတ်အဖွဲ့က ထောက်ခံမှုအပြည့် ပေးထားပြီး လာမယ့်ပရီးမီးယားလိဂ်ပွဲစဉ်မှာ အသင်းကို ဆက်လက်ကိုင်တွယ်သွားမယ်လို့ အတည်ပြုထားပေမဲ့ ရလဒ်တွေ ထပ်ပြီးဆိုးရွားခဲ့မယ်ဆိုရင် ရာထူးက ထုတ်ပယ်ခံရနိုင်ကြောင်း ထင်ကြေးပေးခံထားရပါတယ်။
ဒါကြောင့် အာမိုရင်မ်နေရာ အစားဝင်ပြီး မန်ယူနည်းပြဖြစ်လာမယ့်သူကို အလေးပေးမှုတွေ ပြုလုပ်နေရာမှာ အစောပိုင်းတုန်းက အင်္ဂလန်လက်ရွေးစင်နည်းပြဟောင်း ဆောက်ဂိတ်က ရေပန်းအစားဆုံးဖြစ်ခဲ့ပေမဲ့ လက်ရှိအချိန်မှာတော့ ဂလက်စ်နာက ရေပန်းအစားဆုံးဖြစ်လာကြောင်း သိရပါတယ်။
ဂလက်စ်နာဟာ ပြီးခဲ့တဲ့ရာသီမှာ ခရစ္စတယ်ပဲလေ့စ်အသင်းကို FA ဖလား ရယူပေးနိုင်ခဲ့ပြီး လက်ရှိမှာလည်း ကွန်းဖရန့်လိဂ် League Phase ကို ယှဉ်ပြိုင်ခွင့်ရရှိအောင် စွမ်းဆောင်ပေးထားပါတယ်။
ဒါကြောင့် မန်ယူအသင်းတာဝန်ရှိသူတွေ မျက်စိကျနေတဲ့ နည်းပြတစ်ဦးဖြစ်ပြီး အာမိုရင်မ်ကို ထုတ်ပယ်ခဲ့ရရင် မန်ယူနည်းပြသစ် ဖြစ်လာဖို့ အလားအလာအကောင်းဆုံးလို့ တစ်ပေးခံထားရတာပါ။

မူရင်းသတင်း — Eleven Media Group