
အင်တာမိုင်ယာမီအသင်းရဲ့ တိုက်စစ်မှူး ဆွာရက်ဇ်ဟာ ဆီယက်တယ်ဆောင်းဒါးစ်အသင်းကို (၀-၃)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ Leagues Cup ဗိုလ်လုပွဲမှာ ပြိုင်ဘက်အသင်းရဲ့ နည်းပြအဖွဲ့ဝင်တစ်ဦးကို တံတွေးနဲ့ထွေးခဲ့ကြောင်း သိရပါတယ်။
ပွဲအပြီး ဆီယက်တယ်ဆောင်းဒါးစ်အသင်းက ကစားသမားတွေ အောင်ပွဲခံချိန်မှာ ဆွာရက်ဇ်က ပြိုင်ဘက်ကစားသမား ဗာဂက်စ်ရဲ့ လည်ပင်းကို ဆွဲဖက်ပြီး ပြဿနာရှာခဲ့ရာကနေ နှစ်ဖက်ကစားသမား အများအပြားပါဝင်တဲ့ ရန်ပွဲဖြစ်ပွားခဲ့ပါတယ်။
အဲဒီနောက် ဝင်ရောက်ဖျန်ဖြေတဲ့ ဆီယက်တယ်ဆောင်းဒါးစ်အသင်းရဲ့ နည်းပြအဖွဲ့ ဝင်တစ်ယောက်ကို ဆွာရက်ဇ်က တွန်းတိုက်ပြီး မျက်နှာကို တံတွေးနဲ့ ထွေးခဲ့တာဖြစ်ပါတယ်။
ဒီအကြောင်းကို မီဒီယာတွေက ရေးသားဖော်ပြခဲ့ကြသလို၊ လူမှုကွန်ရက်မှာလည်း ဆွာရက်ဇ် တံတွေးနဲ့ထွေးခဲ့တဲ့ ဗီဒီယိုဖိုင်များစွာ မြင်တွေ့ရပါတယ်။
အင်တာမိုင်ယာမီအသင်းရဲ့နည်းပြ မာရှေရာနိုကတော့ ဒီလိုဖြစ်ရပ်မျိုးကို ဘယ်သူမှ သဘောမကျပေမဲ့ ဒေါသထွက်အောင် ရန်စခဲ့တာကြောင့်လည်း ဖြစ်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။