Eleven Media Group

အာတေတာအနေနဲ့ ဒီရာသီမှာမှ ဆုဖလားမယူနိုင်ရင် ဘယ်တော့မှ မရနိုင်တော့ဘူးလို့ ရွန်နီ ပြောကြား

Photo: Getty Images

မန်ယူအသင်းရဲ့ တိုက်စစ်မှူးဟောင်း ၀ိန်းရွန်နီက အာဆင်နယ်နည်းပြ အာတေတာအနေနဲ့ ဒီရာသီမှာမှ ဆုဖလားမယူနိုင်ရင် ဘယ်တော့မှ မရနိုင်တော့ဘူးလို့ ပြောကြားခဲ့ပါတယ်။
ရွန်နီကို သူ့ရဲ့ Podcast ဖြစ်တဲ့ The Wayne Rooney Show အစီအစဉ်မှာ အာဆင်နယ်အသင်းအနေနဲ့ ဒီရာသီမှာမှ ဆုဖလားမရရင် ဘယ်တော့မှ ရမှာမဟုတ်ဘူးလို့ ထင်မြင်သလားလို့ မေးမြန်းခဲ့ရာမှာ ရွန်နီက အခုလို ပြန်ဖြေခဲ့ခြင်းလည်း ဖြစ်ပါတယ်။
''အာဆင်နယ်အတွက်တော့ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ အာတေတာအတွက်တော့ ဖြစ်နိုင်တယ်လို့ ထင်ပါတယ်။ သူတို့က သူ့ကို ကစားသမားတွေအများကြီး ခေါ်ယူခွင့်ပေးပြီး ငွေကြေးတွေအများကြီး သုံးစွဲခဲ့ပါတယ်။ အသင်းဘုတ်အဖွဲ့နဲ့ ပရိသတ်တွေက ပရီးမီးယားလိဂ်ချန်ပီယံဆု ရယူပေးဖို့ မျှော်လင့်နေပါတယ်။ ဒါကြောင့် ဒီနှစ်က သူ့အတွက် ကြီးမားတဲ့နှစ် ဖြစ်နိုင်ပါတယ်'' လို့ ရွန်နီက ပြောကြားခဲ့တာပါ။
ဒါ့အပြင် ရွန်နီက လီဗာပူးလ်နဲ့ပွဲမှာ အာဆင်နယ်အသင်းအနေနဲ့ ပိုပြီးရဲရဲတင်းတင်းကစားခဲ့သင့်ကြောင်း၊ မရှုံးနိမ့်ရေးကို ဦးမတည်ဘဲ နိုင်ပွဲကို ဦးတည်ပြီး ကစားသင့်တယ်လို့ ထင်ကြောင်းလည်း သုံးသပ်ခဲ့ပါတယ်။
အာတေတာဟာ အာဆင်နယ်အသင်းကို ပရီးမီးယားလိဂ်မှာ သုံးရာသီဆက် ဒုတိယရအောင် စွမ်းဆောင်ပေးထားပေမဲ့ ဒီရာသီမှာ ဆုဖလားမရရင် လမ်းခွဲရလိမ့်မယ်လို့ ထင်ကြေးပေးခံထားရပါတယ်။

မူရင်းသတင်း — Eleven Media Group