Eleven Media Group

ဂွန်ဒိုဂန်ကို ဂါလာတာစာရေးအသင်း ပြောင်းရွှေ့ကြေးအလွတ်နဲ့ ခေါ်ယူပြီး (၂)နှစ်စာချုပ် ချုပ်ဆို

Photo: Galatasaray

တူရကီကလပ် ဂါလာတာစာရေးအသင်းဟာ မန်စီးတီးအသင်းက ၀ါရင့်ကွင်းလယ်ကစားသမား ဂွန်ဒိုဂန်ကို ပြောင်းရွှေ့ကြေးအလွတ်နဲ့ ခေါ်ယူပြီး (၂)နှစ်စာချုပ် ချုပ်ဆိုလိုက်ကြောင်း သိရပါတယ်။
အသက်(၃၄)နှစ်ရှိပြီဖြစ်တဲ့ ဂျာမန်ကစားသမား ဂွန်ဒိုဂန်ဟာ စာချုပ်သက်တမ်းတစ်နှစ် ကျန်ရှိနေသေးပေမဲ့ မန်စီးတီးအသင်းက ပြောင်းရွှေ့ကြေးအလွတ်နဲ့ ထွက်ခွာခွင့်ပြုခဲ့တာပါ။
တူရကီလိဂ်ရဲ့ နွေရာသီအပြောင်းအရွှေ့စျေးကွက်က စက်တင်ဘာ(၁၂)မှာမှ ပိတ်သိမ်းမှာဖြစ်တာကြောင့် ကစားသမားခေါ်ယူမှုတွေ ဆက်လက်ပြုလုပ်နိုင်ဆဲဖြစ်ကြောင်း သိရပါတယ်။
ဂွန်ဒိုဂန်ဟာ ၂၀၂၃ နွေရာသီမှာ မန်စီးတီးနဲ့ လမ်းခွဲကာ ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ကစားခဲ့ပေမဲ့ ၂၀၂၄ နွေရာသီမှာ မန်စီးတီးနဲ့ ပြန်လက်တွဲခဲ့ပြီး အခုတော့ ဂါလာတာစာရေးအသင်းမှာ ကစားသမားဘဝကို အဆုံးသတ်ဖွယ်ရှိနေပါတယ်။
မန်စီးတီးအသင်းနဲ့ ပရီးမီးယားလိဂ်ဖလား(၅)ကြိိမ် ရယူနိုင်ခဲ့တဲ့ ဂွန်ဒိုဂန်က မန်စီးတီးအသင်းဟာ သူ့ရဲ့ နှလုံးသားထဲမှာ အစဉ်အမြဲတည်ရှိသွားမှာပါလို့ ပြောကြားခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group