Eleven Media Group

မန်ယူအသင်းမှာ အလွန်ခက်ခဲခဲ့ကြောင်း အန်တိုနီ မျက်ရည်များနဲ့ ရှင်းလင်းပြောကြား

Photo: X

မန်ယူအသင်းကနေ ဘက်တစ်အသင်းကို ပြောင်းရွှေ့ခဲ့တဲ့ ဘရာဇီးလ်တောင်ပံကစားသမား အန်တိုနီက မန်ယူအသင်းမှာ အလွန်ခက်ခဲခဲ့ကြောင်း မျက်ရည်များနဲ့ ရှင်းလင်းပြောကြားခဲ့ပါတယ်။
အန်တိုနီဟာ ၂၀၂၂ နွေရာသီမှာ အေဂျက်စ်ကနေ မန်ယူကို ယူရို(၉၅)သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပေမဲ့ အသင်းမှာ ခြေစွမ်းပြနိုင်ခြင်းမရှိတာကြောင့် Add-ons ကြေး အပါအဝင် ယူရို(၂၅)သန်းနဲ့ ပြန်လည်ရောင်းထုတ်ခံခဲ့ရတာပါ။
အန်တိုနီဟာ ပြီးခဲ့တဲ့ရာသီက ဘက်တစ်အသင်းမှာ အငှားသွားကစားပြီး ခြေစွမ်းပြနိုင်ခဲ့ပေမဲ့ မန်ယူအသင်းက အခွင့်အရေး ပြန်မပေးတော့ဘဲ ရာသီကြိုကာလမှာ သီးခြားသာ လေ့ကျင့်စေခဲ့ကြောင်းလည်း သိရပါတယ်။
ဒါကြောင့် ဘက်တစ်အသင်းကို အပြီးသတ်ပြောင်းရွှေ့ဖို့ ကြိုးပမ်းခဲ့တာဖြစ်ပြီး အပြောင်းအရွှေ့နောက်ဆုံးနေ့မှာမှ စာချုပ်ချုပ်ဆိုနိုင်ခဲ့တာပါ။
ဘက်တစ်အသင်းနဲ့ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ အန်တိုနီက ''အဲဒီမှာ ဘယ်လောက်ခက်ခဲခဲ့တယ်ဆိုတာ ကျွန်တော့်ရဲ့ မိသားစုတွေပဲ သိကြပါတယ်။ လေ့ကျင့်မှုကို သီးသန့်လုပ်ခဲ့ရပါတယ်။ အခုလို အပြောင်းအရွှေ့ ဖြစ်မြောက်လာဖို့ အရမ်းခက်ခဲခဲ့ပြီး ဖြစ်မလာမှာကို ကျွန်တော် စိုးရိမ်ခဲ့မိပါတယ်။ အခုတော့ ကျွန်တော် ဒီကို ရောက်လာပါပြီ။ ဘက်တစ်ဂျာစီကို နောက်တစ်ကြိမ်ဝတ်ဆင်ဖို့ မစောင့်နိုင်အောင် ဖြစ်နေပါပြီ'' လို့ ပြောကြားခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group