
အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှူး ယိုကယ်ရက်စ်က နယူးကာဆယ်ကနေ လီဗာပူးလ်အသင်းကို ပြောင်းရွှေ့နိုင်ခဲ့တဲ့ ဆွီဒင်အသင်းဖော် အီဆက်ခ်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားခဲ့ပါတယ်။
အီဆက်ခ်ဟာ နွေရာသီအပြောင်းအရွှေ့နောက်ဆုံးနေ့မှာ ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း(၁၃၀)နဲ့ လီဗာပူးလ်အသင်းကို ရောက်ရှိခဲ့တာဖြစ်ပြီး ဘောလုံးသမိုင်းမှာ တတိယတန်ဖိုးအကြီးဆုံးအပြောင်းအရွှေ့အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
ဒါပေမဲ့ လီဗာပူးလ်အသင်းကို ပြောင်းရွှေ့ခွင့်ရဖို့အတွက် နွေရာသီတစ်လျှောက်လုံးနီးပါး နယူးကာဆယ်အသင်းကို အတိုက်အခံလုပ်ခဲ့တာကြောင့် ဝေဖန်ပြစ်တင်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
ယိုကယ်ရက်စ်ကလည်း အာဆင်နယ်အသင်းကို ပြောင်းရွှေ့ခွင့်ရဖို့ စပို့တင်းလစ္စဘွန်းအသင်းကို အတိုက်အခံလုပ်ခဲ့ရတာကြောင့် ဘဝတူတွေလို့ ဆိုရမှာပါ။
'' ကျွန်တော် သူနဲ့ စကားများများ မပြောရသေးပါဘူး။ သူက ရောက်ခါစ ဖြစ်လို့ပါ။ သူ့အပြောင်းအရွှေ့အတွက် ဂုဏ်ယူပါတယ်လို့ပဲ ပြောရပါသေးတယ်။ ကျွန်တော်နဲ့ သူက အခြေအနေချင်း တူညီနိုင်ပါတယ်။ သူ့ကိစ္စ အခြေအနေအတိအကျကိုတော့ ကျွန်တော် မသိပါဘူး။ ကစားသမားတစ်ယောက် အဲဒီအသင်းမှာ မကစားချင်တော့ဘူးဆိုရင် အားလုံးက ဆန့်ကျင်ဘက်ဖြစ်သွားတော့တာပါပဲ။ ကစားသမားဘက်မှာ ဘာစွမ်းအားမှတော့ မရှိပါဘူး။ ကလပ်အသင်းကပဲ လိုသလို လုပ်ဆောင်နိုင်တာပါ'' လို့ ယိုကယ်ရက်စ်က ပြောကြားခဲ့ပါတယ်။