
လီဗာပူးလ်အသင်းရဲ့ အဓိကတိုက်စစ်ကစားသမား ဆာလာက အသစ်ရောက်ရှိလာတဲ့ တိုက်စစ်အသင်းဖော်တွေနဲ့ အသားကျအောင် အချိန်ယူရမယ်လို့ ပြောကြားခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ ဒီနှစ် နွေရာသီအပြောင်းအရွှေ့မှာ အီဆက်ခ်၊ အက်ကီတီကီ၊ ဖလော်ရီယန်ဗက်ဇ် စတဲ့ တိုက်စစ် ကစားသမားသစ်တွေ ခေါ်ယူခဲ့ပြီး ဒါဝင်နူးနက်ဇ်နဲ့ လူးဝစ်ဒီယက်ဇ်တို့ကို ရောင်းထုတ်ခဲ့ပါတယ်။
''ဒါဝင် ဒါမှမဟုတ် ဒီယက်ဇ် ဒါမှမဟုတ် ရှေ့တန်းမှာ တွဲကစားနေကျ ကစားသမားတွေ၊ ဒါမှမဟုတ် ဂျိုတာတို့ဆိုရင် သူတို့နဲ့ ဘယ်နေရာက အစပြုမလဲဆိုတာ ကျွန်တော် သိထားပါတယ်။ သူတို့ကို ဘယ်နေရာမှာ ရှာရမယ်ဆိုတာလည်း ကျွန်တော် သိပါတယ်။ သူတို့က ပွဲကို ကောင်းကောင်းကစားနိုင်တာလည်း သိထားပါတယ်။ ဒါပေမဲ့ ဟူဂို(အက်ကီတီကီ)က ကစားသမားသစ်အဖြစ်ပဲ ရှိပါသေးတယ်။ တစ်ခါတစ်ရံ ကွင်းထဲမှာ ကျွန်တော် ဘောလုံးလိုအပ်ပြီး တစ်ခါတစ်ရံ ကျွန်တော်တို့ နေရာလွတ်လိုအပ်ပါတယ်။ ဒါကို နားလည်အောင် ကျွန်တော်တို့ လေ့ကျင့်ရေးအစီအစဉ်တွေ၊ ဗီဒီယိုမှတ်တမ်းတွေနဲ့ ဖြတ်သန်းကြိုးစားရမှာပါ'' လို့ ဆာလာက ပြောကြားခဲ့ပါတယ်။
လက်ရှိအချိန်မှာ အက်ကီတီကီက (၃)ဂိုးသွင်းယူထားပြီး ဆာလာကတော့ (၁)ဂိုးသာ သွင်းယူထားနိုင်ပါသေးတယ်။
ဆာလာက ဆယ်ကျော်သက်တိုက်စစ်ကစားသမား အန်ဂူမိုဟာကို နှိမ့်နှိမ့်ချချနဲ့ ကြိုးစားသွားဖို့သာ လိုအပ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။