Eleven Media Group

စပါးအသင်းရဲ့ အမှုဆောင်ဥက္ကဋ္ဌ ဒန်နီယယ်လီဗီ ရာထူးက နုတ်ထွက်

Photo: X

စပါးအသင်းရဲ့ အမှုဆောင်ဥက္ကဋ္ဌ ဒန်နီယယ်လီဗီဟာ ရာထူးက နုတ်ထွက်ခဲ့ပြီဖြစ်ကြောင်း စပါးအသင်းက အတည်ပြုကြေညာခဲ့ပါတယ်။
အင်္ဂလန်နိုင်ငံသား စီးပွားရေးလုပ်ငန်းရှင် ဒန်နီယယ်လီဗီဟာ စပါးအသင်းရဲ့ အမှုဆောင်ဥက္ကဋ္ဌအဖြစ် ၂၀၀၁ ခုနှစ်ကတည်းက စတင်တာဝန်ယူခဲ့တာကြောင့် သက်တမ်း(၂၅)နှစ်နီးပါး ရှိနေပြီဖြစ်ပြီး ပရီးမီးယားလိဂ်ရဲ့ သက်တမ်းအရှည်ဆုံးဥက္ကဋ္ဌအဖြစ်လည်း မှတ်တမ်းဝင်နေပါတယ်။
အသက်(၆၃)နှစ်ရှိပြီဖြစ်တဲ့ လီဗီဟာ စပါးအသင်းကို ပေါင်(၁)ဘီလီယံ တန်ကြေးရှိတဲ့ ကမ္ဘာ့အဆင့်ကွင်းသစ်ကြီး တည်ဆောက်ပေးမှုအပါအဝင် ထိပ်တန်းအဆင့် အသင်းတစ်သင်းအဖြစ် ရပ်တည်နိုင်အောင် ပုံဖော်ပေးနိုင်ခဲ့ပေမဲ့ ဆုဖလားအောင်ပွဲတွေကို စိန်ခေါ်နိုင်စွမ်းနည်းပါးတာကြောင့် စပါးပရိသတ်တွေရဲ့ ဆန္ဒပြကန့်ကွက်မှုတွေနဲ့ ဆက်တိုက်ရင်ဆိုင်နေရသူဖြစ်ပါတယ်။
ဒါကြောင့် ပြီးခဲ့တဲ့ရာသီက ယူရိုပါလိဂ်ဖလား ရရှိခဲ့ပေမဲ့ ရာထူးက နုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
စပါးအသင်းက လီဗီရဲ့နေရာမှာ အမှုဆောင်ဒါရိုက်တာမဟုတ်တဲ့ ပီတာချာရင်တန်ကို အသင်းရဲ့ ဥက္ကဋ္ဌသစ်အဖြစ် အစားထိုးခန့်အပ်လိုက်ကြောင်း သိရပါတယ်။

မူရင်းသတင်း — Eleven Media Group