
ဂျာမနီလက်ရွေးစင်ဘောလုံးအသင်းဟာ အသင်းရဲ့ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် (၃)ပွဲဆက်ရှုံးနိမ့်ခဲ့ကြောင်း သိရပါတယ်။
ဂျာမနီအသင်းဟာ မနေ့က ယှဉ်ပြိုင်ကစားတဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ဆလိုဗက်ကီးယားအသင်းကို (၀-၂)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် အခုလို မှတ်တမ်းဆိုး ပိုင်ဆိုင်ခဲ့တာဖြစ်ပြီး ဒီပွဲမတိုင်က Nations League မှာ ပေါ်တူဂီနဲ့ ပြင်သစ်တို့ကို ရှုံးနိမ့်ခဲ့တာပါ။
ဒါ့အပြင် ဆလိုဗက်ကီးယားကို ရှုံးနိမ့်တာဟာ ယှဉ်ပြိုင်ခဲ့သမျှ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေမှာ ပထမဆုံးအဝေးကွင်းရှုံးပွဲအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းလည်း သိရပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဆု (၄)ကြိမ်ရရှိထားပြီး ဥရောပရဲ့ အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်နေတဲ့ ဂျာမနီအသင်းဟာ အခုပွဲမတိုင်ခင် ကမ္ဘာ့ဖလားခြေစစ်ပွဲ (၁၀၃)ပွဲ ယှဉ်ပြိုင်ကစားခဲ့ရာမှာ (၃)ပွဲသာ ရှုံးနိမ့်ခဲ့ဖူးပြီး အဲဒီ(၃)ပွဲစလုံးက အိမ်ကွင်းမှာဖြစ်ခဲ့ပါတယ်။
အခုပွဲမတိုင်ခင် ယှဉ်ပြိုင်ခဲ့တဲ့ အဝေးကွင်း(၅၂)ပွဲမှာ ရှုံးပွဲမရှိခဲ့ဘဲ အခုမှ ပထမဆုံးအကြိမ် ရှုံးပွဲတွေ့ခဲ့တာဖြစ်ပြီး နည်းပြ နာဂယ်စ်မန်းအနေနဲ့ ဖိအားတွေ မြင့်တက်လာခဲ့ကြောင်း သိရပါတယ်။