
အင်တာမိုင်ယာမီအသင်းရဲ့ ဥရုဂွေးတိုက်စစ်မှူး ဆွာရက်ဇ်ဟာ ဆီယက်တယ်ဆောင်းဒါးစ်အသင်းရဲ့ နည်းပြအဖွဲ့ဝင်ကို တံတွေးနဲ့ ထွေးခဲ့မိခြင်းအတွက် ပြန်လည်တောင်းပန်ခဲ့ကြောင်း သိရပါတယ်။
ဆွာရက်ဇ်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ Leagues Cup ဗိုလ်လုပွဲအပြီးမှာ နှစ်ဖက်ကစားသမားတွေ ရန်ပွဲဖြစ်ပွားနေစဉ် ပြိုင်ဘက်နည်းပြအဖွဲ့ဝင်ရဲ့မျက်နှာကို တံတွေးနဲ့ ထွေးခဲ့တာဖြစ်ပါတယ်။
ဒီလုပ်ရပ်ကြောင့် ဆွာရက်ဇ်အနေနဲ့ ကာလရှည်ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံထားရနိုင်ကြောင်း သုံးသပ်မှုတွေရှိနေချိန်မှာ ဆွာရက်ဇ်က Instagram ကတစ်ဆင့် ပြန်လည်တောင်းပန်ခဲ့တာဖြစ်ပါတယ်။
''ပထမဆုံးအနေနဲ့ ဆီယက်တယ်ဆောင်းဒါးစ်အသင်းရဲ့ Leagues Cup အောင်ပွဲအတွက် ဂုဏ်ပြုချင်ပါတယ်။ ဒါပေမဲ့ အဓိကအကျဆုံးက ပွဲအပြီး ကျွန်တော့်ရဲ့အပြုအမူအတွက် တောင်းပန်ချင်တာပါ။ ကျွန်တော့်အနေနဲ့ အဲဒီအခိုက်အတန့်မှာ စိတ်ပျက်မှုတွေ၊ တင်းအားတွေ များခဲ့တာကြောင့် အဲဒီလိုဖြစ်သွားခဲ့တာပါ။ ကျွန်တော် မထိန်းချုပ်နိုင်ခဲ့ပါဘူး။ ကျွန်တော် အမှားတစ်ခု လုပ်ခဲ့မိပြီး အဲဒီအတွက် စိတ်ရောကိုယ်ပါ တောင်းပန်ပါတယ်'' လို့ ဆွာရက်ဇ်က Instagram မှာ ရေးသားခဲ့ပါတယ်။
Leagues Cup ပြိုင်ပွဲရဲ့ စည်းကမ်းထိန်းသိမ်းရေးကော်မတီက ဗိုလ်လုပွဲအပြီးဖြစ်ရပ်အတွက် ပြန်လည်ဆန်းစစ်မှုတွေ ပြုလုပ်နေပြီး မကြာခင် အရေးယူမှုတွေ ပြုလုပ်သွားဖွယ်ရှိကြောင်း သိရပါတယ်။