Eleven Media Group

ရီးယဲလ်ကို ပြောင်းရွှေ့လာဖို့ ဘာပေက (၂)နာရီတစ်ခါလောက် ဖုန်းဆက်ပြီး တိုက်တွန်းနေကြောင်း ကိုနာတေး နောက်ပြောင်

Photo: X

လီဗာပူးလ်အသင်းရဲ့ ပြင်သစ်နောက်ခံလူ ကိုနာတေးက လက်ရွေးစင်အသင်းဖော် ဘာပေက ရီးယဲလ်ကို ပြောင်းရွှေ့လာဖို့ (၂)နာရီတစ်ခါလောက် ဖုန်းဆက်ပြီးတိုက်တွန်းနေကြောင်း နောက်ပြောင်ပြောကြားခဲ့ပါတယ်။
ကိုနာတေး(၂၆ နှစ်)ဟာ ၂၀၂၆ နွေရာသီမှာ လီဗာပူးလ်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး ရီးယဲလ်အသင်းက ပြောင်းရွှေ့ကြေးအလွတ်နဲ့ ခေါ်ယူဖို့ စီစဉ်ထားကြောင်း သတင်းထွက်နေပါတယ်။
ဒါကြောင့် Telefoot က ရီးယဲလ်ကို ပြောင်းရွှေ့ဖို့ ဘာပေက တိုက်တွန်းနေသလားလို့ မေးမြန်းခဲ့တာဖြစ်ပြီး ကိုနာတေးက ''သူက ကျွန်တော့်ဆီ (၂)နာရီတစ်ခါလောက် ဖုန်းခေါ်နေတာပါ'' လို့ နောက်ပြောင်ခဲ့တာဖြစ်ပါတယ်။
လီဗာပူးလ်အသင်းက ကိုနာတေးကို ၂၀၂၁ နွေရာသီမှာ လိုက်ပ်ဇစ်ကနေ ပေါင်(၃၆)သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး အခုလိုအခြေအနေမရောက်ခင် သက်တမ်းမတိုးနိုင်ခဲ့တဲ့အတွက် လီဗာပူးလ်အသင်းကို ဝေဖန်ပြစ်တင်မှုတွေလည်း ရှိနေပါတယ်။
ရီးယဲလ်အသင်းက ကိုနာတေးကို နွေရာသီအထိ မစောင့်ဘဲ လာမယ့်ဇန်နဝါရီမှာ ယူရို(၁၅)သန်းနဲ့ ကမ်းလှမ်းခေါ်ယူဖွယ်ရှိကြောင်းလည်း သတင်းထွက်နေပါတယ်။

မူရင်းသတင်း — Eleven Media Group