
ကယ်လီဖိုးနီးယားအခြေစိုက် ဆန်ဒီယေဂိုဝေ့ဗ်အသင်းဟာ နာမည်ကျော် အမေရိကန်အမျိုးသမီးတိုက်စစ်မှူး အဲလက်စ်မော်ဂန် ဝတ်ဆင်ခဲ့တဲ့ နံပါတ်(၁၃)ကို အနားပေးလိုက်ကြောင်း သိရပါတယ်။
အဲလက်စ်မော်ဂန်(၃၆ နှစ်)ဟာ ကစားသမားဘဝကို ဆန်ဒီယေဂိုဝေ့ဗ်အသင်းမှာ အဆုံးသတ်ခဲ့သူဖြစ်ပြီး အသင်းအတွက် (၃)ရာသီသာ ကစားခဲ့ပေမဲ့ (၄၈)ပွဲမှာ (၂၂)ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
အဲလက်စ်မော်ဂန်ဟာ ၂၀၂၄ စက်တင်ဘာလမှာ ကလပ်အသင်းကရော လက်ရွေးစင်အသင်းကပါ အနားယူခဲ့တာဖြစ်ပြီး တစ်နှစ်အကြာမှာ ဆန်ဒီယေဂိုဝေ့ဗ်အသင်းက သူ့ရဲ့ကျောနံပါတ်ကို အနားပေးပြီး ဂုဏ်ပြုခဲ့တာပါ။
ဆန်ဒီယေဂိုဝေ့ဗ်အသင်းက နံပါတ်(၁၃) အနားပေးတဲ့အခမ်းအနားကို တနင်္ဂနွေနေ့က ယှဉ်ပြိုင်တဲ့ပွဲအပြီးမှာ ပြုလုပ်ခဲ့ပြီး အဲလက်စ်မော်ဂန်နဲ့အတူ သူ့ရဲ့ မိသားစုနဲ့ မိတ်ဆွေ အယောက်(၁၀၀)ကိုလည်း တက်ရောက်စေခဲ့ကြောင်း သိရပါတယ်။
အဲလက်စ်မော်ဂန်က ဆန်ဒီယေဂိုဝေ့ဗ်အသင်းမှာ (၃)နှစ်သာ ကစားခဲ့ရပေမဲ့ သူ့ဘဝမှာ ပြောင်းလဲမှု အများဆုံးဖြစ်ခဲ့တဲ့ အချိန်ကာလဖြစ်တဲ့အကြောင်းနဲ့ အမှတ်တရများစွာအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါတယ်။