
နာမည်ကျော် စပိန်အားကစားဂျာနယ်လစ်တစ်ဦးဖြစ်တဲ့ ဘာလက်ဂေးက ဘာစီလိုနာအသင်းအနေနဲ့ အင်္ဂလန်တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်ကို စာချုပ်ဖျက်သိမ်းဖို့ စီစဉ်နေတယ်ဆိုတာ မဟုတ်တရုတ်သတင်းသာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ဘာစီလိုနာအသင်းဟာ ရပ်ရှ်ဖို့ဒ်ကို မန်ယူကနေ တစ်ရာသီအငှားစာချုပ်နဲ့ ခေါ်ယူထားတာဖြစ်ပြီး လာလီဂါ(၃)ပွဲစလုံး အသုံးပြုခဲ့ပေမဲ့ ပွဲထွက်ကစားသမားအဖြစ်တော့ တစ်ပွဲသာ ကစားစေခဲ့ပါတယ်။
အဲဒီအခြေအနေမှာ ဘာစီလိုနာအသင်းက ရပ်ရှ်ဖို့ဒ်အနေနဲ့ စိတ်ပိုင်းရော ရုပ်ပိုင်းပါ တိုးတက်မှုရှိဖို့ လိုအပ်နေတယ်လို့ ယူဆတာကြောင့် အငှားစာချုပ်ကို ဖျက်သိမ်းပြီး မန်ယူအသင်းဆီ ပြန်ပို့ဖို့ စီစဉ်နေကြောင်း သတင်းထွက်လာခဲ့တာပါ။
ဒါပေမဲ့ ဘာလက်ဂေးကတော့ မဟုတ်တရုတ်သတင်းသာဖြစ်ကြောင်းနဲ့ ဘာစီလိုနာအသင်းတာဝန်ရှိသူတွေက ရပ်ရှ်ဖို့ဒ်ဟာ နည်းပြ ဟန်ဆီဖလစ်ခ်ရဲ့လက်အောက်မှာ သူ့ရဲ့အကောင်းဆုံးခြေစွမ်းကို ပြန်လည်ရရှိလာလိမ့်မယ်လို့ အခိုင်အမာယုံကြည်နေကြောင်း ပြောကြားခဲ့ပါတယ်။
ရပ်ရှ်ဖို့ဒ်ဟာ မန်ယူနည်းပြ အာမိုရင်မ်လက်ထက်မှာ နေရာပျောက်ခဲ့ရသူဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့မှာလည်း အက်စတွန်ဗီလာအသင်းဆီ အငှားချခံခဲ့ရပါတယ်။