Eleven Media Group

■ ဟင်္သာတမြို့တွင် နေအိမ်ဆေးခန်း၌ ဓားထိုးခံရမှုဖြစ်စဉ်ကြောင့် ဆရာဝန်နှင့် ဇနီးဖြစ်သူ သေဆုံးခဲ့ပြီး ဆေးခန်း၌ရှိနေသူနှစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိ

ဟင်္သာတမြို့တွင် နေအိမ်ဆေးခန်း၌ ဓားထိုးခံရမှုဖြစ်စဉ်ကြောင့် ဆရာဝန်နှင့် ဇနီးဖြစ်သူ သေဆုံးခဲ့ပြီး ဆေးခန်း၌ရှိနေသူနှစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်မှာ စက်တင်ဘာလ ၈ ရက် ညနေပိုင်းအချိန်က ဟင်္သာတမြို့ သုံးပင်ကွင်းရပ်ကွက် ပါဆယ်လမ်းရှိ ဒေါက်တာတင်မောင်ထွန်း၏ သွားနှင့် ခံတွင်းအထူးကုဆေးခန်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယင်းဖြစ်စဉ်၌ ဆရာဝန် အပါအဝင် ၎င်းဇနီး၏ အဒေါ်ဖြစ်သူနှင့် ဆေးခန်းအကူတို့မှာ နေအိမ်ဆေးခန်းအတွင်း ဓားဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ပြီး ဆရာဝန်၏ ဇနီးဖြစ်သူမှာ ခြံဝန်းအတွင်း နေအိမ်ဆေးခန်းရှေ့၌ ဓားဒဏ်ရာများရရှိကာ လဲကျသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆရာဝန်၏ ဇနီးဖြစ်သူမှာ အသက် ၄၉ နှစ်အရွယ်ရှိပြီး ဝဲနံစောင်းထိုးသွင်းဒဏ်ရာ တစ်ချက်၊ ဝဲပါးပြတ်ရှဒဏ်ရာ တစ်ချက်တို့ရရှိကာ ခြံဝန်းအတွင်း နေအိမ်ဆေးခန်းရှေ့၌ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆေးရုံသို့ ပို့ဆောင်ပြီးချိန် သေဆုံးခဲ့သည့် သွားဆရာဝန် ဒေါက်တာတင်မောင်ထွန်းမှာ အသက် ၇၁ နှစ်အရွယ်ရှိပြီး လည်ပင်းဝဲဘက်ခြမ်း ထိုးသွင်းဒဏ်ရာ နှစ်ချက်၊ ဝဲပါးပြတ်ရှဒဏ်ရာ တစ်ချက်၊ ဝဲဘက်လက်မောင်းပြတ်ရှဒဏ်ရာ တစ်ချက်တို့ရရှိခဲ့ကြောင်း သိရသည်။

ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည့် အသက် ၇၂ နှစ်အရွယ်ရှိ အမျိုးသမီး၌လည်း ဝဲဘက်ပုခုံး နှစ်လက်မခန့် ပြတ်ရှဒဏ်ရာ တစ်ချက်၊ ယာဘက်ဂျိုစောင်း ပြတ်ရှဒဏ်ရာ တစ်ချက်၊ ကျောကုန်း ပြတ်ရှဒဏ်ရာ တစ်ချက်ရရှိခဲ့ကြောင်း၊ ကျန်တစ်ဦးဖြစ်သူ အသက် ၄၃ နှစ်အရွယ်ရှိ အမျိုးသမီး၌လည်း ဝဲဘက်ပါး နှစ်လက်မခန့် ပြတ်ရှဒဏ်ရာ တစ်ချက်၊ လည်ဂုတ်ပြတ်ရှဒဏ်ရာ တစ်ချက်၊ ဝဲပုခုံး ပြတ်ရှဒဏ်ရာ တစ်ချက်၊ ဝဲဘက်လက်ကောက်ဝတ် ပြတ်ရှဒဏ်ရာတစ်ချက်တို့ ရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ သွားဆေးခန်းသို့ လာရောက်ပြသသည့် အမည်မသိတရားခံက ဆေးကုသခမပေးဘဲ ထွက်သွားရာမှ စကားများပြီး ဆရာဝန်အပါအဝင် ဆေးခန်းရှိလူများအား ဓားဖြင့်ထိုးခဲ့ခြင်းဖြစ်သည်ဟု လတ်တလော စစ်ဆေးသိရှိရကြောင်း စုံစမ်းနေဆဲတာဝန်ရှိသူက ဆိုသည်။

ယင်းဖြစ်စဉ်၌ ကျူးလွန်ခဲ့သူမှာ အသင့်ပါလာသော ဓားဖြင့် ကျူးလွန်ခဲ့ခြင်းဖြစ်ပြီး အမှုဖြစ်စဉ်အကြောင်းရင်းနှင့် ကျူးလွန်သူအား အမြန်ဆုံးဖမ်းဆီးရမိရေး သက်ဆိုင်ရာမှ ဆက်လက်စုံစမ်းလျက်ရှိကြောင်း သိရသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ အမှုကြီးအမှတ် ၆/၂၀၂၅၊ (ပ)၂၃၂/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/ ၃၂၆ ဖြင့် ဟင်္သာတမြို့မရဲစခန်း၌ အမှုရေးဖွင့်ကာ စုံစမ်းဖော်ထုတ်လျှက်ရှိကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group