
Opta ရဲ့ စူပါကွန်ပျူတာက ၂၀၂၅-၂၆ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ လီဗာပူးလ်အသင်း ဆုဖလားရရှိဖို့ အလားအလာအကောင်းဆုံးလို့ ခန့်မှန်းခဲ့ပါတယ်။
ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲကို ပြီးခဲ့တဲ့ရာသီကလိုပဲ ပြိုင်ပွဲဝင်အသင်း(၃၆)သင်းနဲ့ လိဂ်ပြိုင်ပွဲပုံစံ ကျင်းပသွားမှာဖြစ်ပြီး လာမယ့်တစ်ပတ် စက်တင်ဘာ(၁၆)မှာ ပွဲစဉ်(၁)ကို စတင်ယှဉ်ပြိုင်ရတော့မှာပါ။
ဒါကြောင့် စူပါကွန်ပျူတာက ပြိုင်ပွဲဝင်အသင်းတွေရဲ့ ဗိုလ်စွဲနိုင်ခြေအလားအလာတွေကို ခန့်မှန်းဖော်ပြခဲ့တာဖြစ်ပြီး လီဗာပူးလ်အသင်းက (၂၀.၄)ရာခိုင်နှုန်းနဲ့ အများဆုံးဖြစ်ခဲ့ပါတယ်။
အာဆင်နယ်က (၁၆)ရာခိုင်နှုန်းနဲ့ ဒုတိယနေရာမှာ ရပ်တည်နေပြီး လက်ရှိချန်ပီယံ PSG အသင်းက (၁၂.၁)ရာခိုင်နှုန်းနဲ့ တတိယနေရာမှာ ရှိခဲ့ပါတယ်။
ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပရီးမီးယားလိဂ်ကလပ် (၆)သင်း ယှဉ်ပြိုင်ခွင့်ရရှိခဲ့ပြီး မန်စီးတီးက ဗိုလ်စွဲနိုင်ခြေ (၈.၄)ရာခိုင်နှုန်း၊ ချယ်လ်ဆီးက (၇)ရာခိုင်နှုန်း၊ နယူးကာဆယ်က (၃)ရာခိုင်နှုန်း၊ စပါးက (၁.၁)ရာခိုင်နှုန်းအဖြစ် သတ်မှတ်ခံခဲ့ရကြောင်းလည်း သိရပါတယ်။