Eleven Media Group

ဒီနှစ် Ballon d'Or ဆုပေးပွဲအခမ်းအနားကိုလည်း ရီးယဲလ်မက်ဒရစ်အသင်း တက်ရောက်ဖွယ်မရှိ

Photo: X

လာလီဂါထိပ်သီး ရီးယဲလ်မက်ဒရစ်အသင်းဟာ ဒီနှစ် ကျင်းပမယ့် Ballon d'Or ဆုပေးပွဲအခမ်းအနားကိုလည်း တက်ရောက်ဖွယ်မရှိကြောင်း သိရပါတယ်။
ရီးယဲလ်အသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က ကျင်းပခဲ့တဲ့ Ballon d'Or ဆုပေးပွဲမှာ ဘရာဇီးလ်တိုက်စစ်ကစားသမား ဗင်နီစီယပ်စ် ရရှိလိမ့်မယ်လို့ မျှော်လင့်ထားခဲ့ပေမဲ့ မန်စီးတီးကစားသမား ရိုဒရီ ရရှိမယ်လို့ ကြိုတင်သိရှိခဲ့တာကြောင့် ဆုပေးပွဲကို တက်ရောက်ခြင်းမပြုခဲ့ပါဘူး။
ဒါကြောင့် အကောင်းဆုံးနည်းပြဆု ရရှိခဲ့တဲ့ အန်ဆယ်လော့တီနဲ့ ဂိုးသွင်းအများဆုံးဆုကို ဟာရီကိန်းနဲ့ ပူးတွဲရရှိခဲ့တဲ့ ဘာပေတို့လည်း ဆုမယူခဲ့ရပါဘူူး။
ရီးယဲလ်အသင်းက ပြီးခဲ့တဲ့ရာသီမှာ ဖလားလက်မဲ့ဖြစ်ခဲ့တာကြောင့် ရီးယဲလ်ကစားသမားတွေအနေနဲ့ ဒီနှစ် Ballon d'or ဆုပေးပွဲမှာ ဆုရရှိနိုင်ခြေမရှိတာကြောင့် အသင်းဥက္ကဋ္ဌ ဖလော်ရင်တီနိုပီရက်ဇ်က ထပ်ပြီးဆန့်ကျင်သွားဖို့ စီစဉ်ထားခြင်းဖြစ်ကြောင်း သိရပါတယ်။
၂၀၂၅ Ballon d'Or ဆုပေးပွဲအခမ်းအနားကို စက်တင်ဘာ(၂၂)မှာ ပြုလုပ်မှာဖြစ်ပြီး ဆန်ခါတင်ကစားသမား(၃၀) စာရင်းမှာတော့ ဗင်နီစီယပ်စ်၊ ဘာပေနဲ့ ဘယ်လင်ဂမ်တို့ ပါဝင်နေပါတယ်။

မူရင်းသတင်း — Eleven Media Group