Eleven Media Group

ဂိုးသမား ဖာဘီယန်စကီးကို ပြန်လည်ခေါ်ယူဖို့ ဝက်စ်ဟမ်းအသင်း ဆွေးနွေးနေ

Photo: X

ဝက်စ်ဟမ်းအသင်းဟာ ပြီးခဲ့တဲ့ ရာသီကုန်ချိန်က လမ်းခွဲထားတဲ့ ပိုလန်ဂိုးသမား ဖာဘီယန်စကီးကို ပြန်လည်ခေါ်ယူဖို့ ဆွေးနွေးနေကြောင်း သိရပါတယ်။
ဖာဘီယန်စကီး(၄၀ နှစ်)ဟာ အာဆင်နယ်နဲ့ ဆွမ်ဆီးအသင်းတွေမှာလည်း ကစားခဲ့ဖူးသူဖြစ်ပြီး ဝက်စ်ဟမ်းအသင်းက သူ့ကို ၂၀၁၈ ခုနှစ်မှာ ပေါင်(၇)သန်းနဲ့ ခေါ်ယူခဲ့တာပါ။
ဖာဘီယန်စကီးဟာ ၂၀၂၂-၂၃ ရာသီအထိ ဝက်စ်ဟမ်းအသင်းမှာ ပထမဂိုးသမားအဖြစ် ရပ်တည်နိုင်ခဲ့ပေမဲ့ နောက်ပိုင်းမှာ ပြင်သစ်ဂိုးသမား အာရီအိုလာက ပထမဂိုးသမားနေရာ ရယူသွားခဲ့ပါတယ်။
ဝက်စ်ဟမ်းအသင်းက ပြီးခဲ့တဲ့ဇွန်လမှာ စာချုပ်သက်တမ်းကုန်သွားတဲ့ ဖာဘီယန်စကီးနဲ့ လမ်းခွဲခဲ့ပေမဲ့ လက်ရှိအချိန် အသင်းမှာ ဂိုးသမားနှစ်ဦးသာ ရှိနေတာကြောင့် ဖာဘီယန်စကီးကို ပြန်လည်ခေါ်ယူဖို့ စီစဉ်ခြင်းဖြစ်ကြောင်း သိရပါတယ်။
ဝက်စ်ဟမ်းအသင်းက မန်ယူဂိုးသမား အိုနာနာကို အငှားနဲ့ခေါ်ယူဖို့ ကြိုးစားပေမဲ့ မအောင်မြင်ခဲ့တာကြောင့် ဖာဘီယန်စကီးနဲ့ ပြန်လည်ဆွေးနွေးနေခြင်းဖြစ်ပြီး တတိယဂိုးသမားအဖြစ်သာ ရပ်တည်ရမယ်လို့ သိရပါတယ်။

မူရင်းသတင်း — Eleven Media Group