Eleven Media Group

■ ရေဖြူမြို့နယ် မရမ်းချောင်းကျေးရွာအနီး ထားဝယ် - ရေး ကားလမ်းတွင် ကုန်တင်ယာဉ်များ ပစ်ခတ်ခံရမှုအတွင်း ကားသမားနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိ

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ် မရမ်းချောင်းကျေးရွာအနီး ထားဝယ် - ရေး ကားလမ်းတွင် ကုန်တင်ယာဉ်များ ပစ်ခတ်ခံရမှုအတွင်း ကားသမားနှစ်ဦးသေဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

ရေဖြူမြို့နှင့် ကလိန်အောင်မြို့ကြား မရမ်းချောင်းကျေးရွာအနီး ထားဝယ် - ရေး ကားလမ်းပိုင်းအား စက်တင်ဘာ ၂ ရက်မှစတင်ကာ လက်နက်ကိုင်အဖွဲ့အစည်းများက ကားလမ်းပေါ်သို့ သစ်ပင်တစ်ပင်အား လှဲချကာ ပိတ်ဆိုထားခဲ့ပြီး စက်တင်ဘာ ၆ ရက် မွန်းလွဲ ၂ နာရီအချိန်ခန့်က လက်နက်ကိုင်အဖွဲ့အစည်းများက ပြန်လည်ဖွင့်ပေးခဲ့ပြီးနောက်တွင် မွန်းလွဲ ၃ နာရီဝန်းကျင်အချိန်ခန့်တွင် ထားဝယ်မြို့ဘက်မှ ရေးမြို့ဘက်သို့ မောင်းနှင်လာသည့် ယာဉ်လိုင်းတစ်လိုင်းမှ ကုန်တင်ယာဉ် အပါအဝင် မော်တော်ယာဉ် သုံးစီးခန့် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်သည်။

ထိုသို့ ပစ်ခတ်ခံရမှုအတွင်း ကုန်တင်ယာဉ်မောင်းဖြစ်သူနှင့် ယာဉ်နောက်လိုက်ဖြစ်သူတို့ ကျည်ထိမှန် သေဆုံးခဲ့ရသည့်အပြင် ထိုကုန်တင်ယာဉ်မှာလည်း မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

၎င်းက ဆက်လက်ပြီး “နောက်ထပ် ကားသမား လူငယ်တစ်ဦးလည်း ကျည်ထိမှန် ဒဏ်ရာရသွားသေးတယ်။ သူ့ကိုတော့ ထားဝယ်က ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးလိုက်ကြပါတယ်။ အဲ့ဒီကားသမားက ရန်ကုန်၊ မှော်ဘီကလို့ သိရတယ်။ သူလိုက်ပါလာတဲ့ ကုန်တင်ယာဉ်ကတော့ ရေးမြို့ဘက်ကနေ ထားဝယ်မြို့ကို သွားမယ့် ကုန်တင်ယာဉ်ကလို့ သိရပါတယ်” ဟု ပြောကြားသည်။

ပြီးခဲ့သည့် ဩဂုတ် ၂၇ ရက်မှ စတင်ကာ ရေဖြူမြို့နယ်အတွင်းရှိ မရမ်းချောင်း၊ မိုင် ၆၀၊ သာယာမွန်ကျေးရွာ အစရှိသည့် ကျေးရွာအနီးဝန်းကျင်တွင် KNU/KNLA နှင့် လက်နက်ကိုင်ပူးပေါင်းအဖွဲ့မှ စစ်ရေးအခြေအနေအရဟုဆိုကာ ရေဖြူမြို့နှင့် ကလိန်အောင်မြို့ကြား ထားဝယ် - ရေး ကားလမ်းအပိုင်းအား ပိတ်ဆို့ထားခဲ့ခြင်းဖြစ်ကြောင်းလည်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

နောက်ဆက်တွဲသတင်းများအရ ယင်းဒေသအတွင်း စစ်ရေးပဋိပက္ခများ ထပ်မံဖြစ်ပွားလာနိုင်သည့်အတွက်ကြောင့် ခရီးသွားပြည်သူများအနေဖြင့် သတိပြုသွားလာကြရန်နှင့် လမ်းခရီးနှင့် ပတ်သက်ပြီး စုံစမ်းပြီးမှ သွားလာကြရန်လည်း ဒေသခံများက တိုက်တွန်းထားကြောင်း သိရသည်။

Photo Credit - CJ

မူရင်းသတင်း — Eleven Media Group