
အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးဟောင်း ရွန်နီက အင်္ဂလန်တိုက်စစ်ကစားသမား ဂရီးလစ်ရှ်အနေနဲ့ အဲဗာတန်အသင်းကို ပြောင်းရွှေ့တာဟာ ကောင်းတယ်လို့ ပြောကြားခဲ့ပါတယ်။
ဂရီးလစ်ရှ်(၃၀ နှစ်)ဟာ ၂၀၂၁ နွေရာသီမှာ အက်စတွန်ဗီလာကနေ မန်စီးတီးကို ပေါင်သန်း(၁၀၀)နဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ဒီနွေမှာ မန်စီးတီးအသင်းက အဲဗာတန်အသင်းဆီ အငှားချခဲ့တာပါ။
ဂရီးလစ်ရှ်ဟာ မန်စီးတီးအသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရရှိဖို့နဲ့ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရပေမဲ့ အဲဗာတန်အသင်းမှာတော့ ဂိုးဖန်တီးမှုတွေ ပြုလုပ်ပြီး ခြေစွမ်းပြနေပါတယ်။
ဒါကြောင့် ရွန်နီက အဲဗာတန်အသင်းမှာ ကစားရတာကို ဂရီးလစ်ရှ် ပျော်ရွှင်ကျေနပ်နေကြောင်းလည်း ပြောကြားခဲ့ပါတယ်။
''သူက ကြင်နာတတ်တဲ့နှလုံးသား ရှိတဲ့သူဖြစ်ပြီး လေးလေးစားစားဆက်ဆံတတ်သူလည်း ဖြစ်ပါတယ်။ မန်စီးတီးအသင်းမှာ ပွဲမကစားရတာက သူ့အတွက် အရမ်းခက်ခဲခဲ့တယ်လို့ ကျွန်တော် သိထားပါတယ်။ အဲဗာတန်ကတော့ သူ့အတွက် ပျော်ရွှင်စွာဘောလုံးကစားနိုင်တဲ့အသင်းဖြစ်ပြီး အစပြုမှုကလည်း အရမ်းကောင်းပါတယ်။ ဒီအတိုင်း ရှေ့ဆက်နိုင်ဖို့ မျှော်လင့်ပါတယ်'' လို့ ရွန်နီက ပြောကြားခဲ့ပါတယ်။