Eleven Media Group

အက်စ်တီဗာအိုရဲ့ စာချုပ်မှာ Ballon d'Or ဆုရရှိရင် ပါးလ်မီးရပ်စ်အသင်းကို အပိုဆုကြေးပေးရမယ့်အချက် ပါဝင်

Photo: X

ချယ်လ်ဆီးအသင်းဟာ ပါးလ်မီးရပ်စ်အသင်းက ဘရာဇီးလ်တောင်ပံကစားသမား အက်စ်တီဗာအိုကို ခေါ်ယူခဲ့ရာမှာ Ballon d'or ဆုရရှိခဲ့ရင် အပိုဆုကြေးပေးရမယ့်အချက် ပါဝင်ခဲ့ကြောင်း သိရပါတယ်။
ချယ်လ်ဆီးအသင်းဟာ အက်စ်တီဗာအိုကို ကနဦးပြောင်းရွှေ့ကြေး ပေါင်(၂၉)သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပေမဲ့ ပွဲကစားခွင့်နဲ့ စွမ်းဆောင်ရည်အပေါ် မူတည်ပြီး Add-ons ကြေးတွေ ထပ်ပေးရမှာဖြစ်တာကြောင့် ပေါင်(၅၁)သန်းအထိ ရှိလာနိုင်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ၂၀၃၃ ခုနှစ်အထိ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းအတွင်း Ballon d'Or ဆု ရယူနိုင်ခဲ့ရင် သူ့ရဲ့ အေးဂျင့်နဲ့ ပါးလ်မီးရပ်စ်အသင်းကို အပိုဆုကြေး ပေါင်(၅)သန်း ထပ်ပေးရမယ်လို့ သိရပါတယ်။
အသက်(၁၈)နှစ်သာရှိသေးတဲ့ အက်စ်တီဗာအိုက နောင်တစ်ချိန်မှာ Ballon d'Or ဆု ရယူနိုင်ဖို့ ရည်ရွယ်ထားကြောင်းလည်း ပြောကြားခဲ့ဖူးပါတယ်။
အက်စ်တီဗာအိုက သူ့ရဲ့အသက်အရွယ်အရ စပိန်ကစားသမား ယမားလ်နဲ့ အာဂျင်တီးနားကစားသမား မက်စ်တန်တူနိုတို့ဟာ Ballon d'Or ဆုအတွက် အဓိကပြိုင်ဆိုင်ရမယ့်သူတွေ ဖြစ်လာနိုင်ကြောင်းလည်း သုံးသပ်ခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group