Eleven Media Group

League Phase အဆင့်ပွဲစဉ်တွေ ယှဉ်ပြိုင်နေစဉ် ကစားသမားတစ်ဦး အစားထိုးခေါ်ယူခွင့်ပြုမယ်လို့ UEFA ကြေညာ

Photo: UEFA

ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)က မကြာခင် ကျင်းပမယ့် ကလပ်အသင်းပြိုင်ပွဲ(၃)ခုဖြစ်တဲ့ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်နဲ့ ကွန်းဖရန့်လိဂ်ပြိုင်ပွဲတွေမှာ အဆင့်ပွဲစဉ်တွေ ယှဉ်ပြိုင်နေစဉ် ကစားသမားတစ်ဦး အစားထိုးခေါ်ယူခွင့်ပြုမယ်လို့ ကြေညာခဲ့ပါတယ်။
အဲဒီပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် ကလပ်အသင်းတွေဟာ နွေရာသီအပြောင်းအရွှေ့စျေးကွက် ပိတ်သိမ်းပြီးနောက်မှာ ကစားသမား(၂၅)ဦးစာရင်းကို UEFA ဆီ တင်သွင်းရပါတယ်။
အရင်က အဲဒီလူစာရင်းကို ခရစ္စမတ်ကာလအလွန် ရှုံးထွက်အဆင့်ပွဲစဉ်တွေရောက်မှ အပြောင်းအလဲလုပ်ခွင့်ပြုပေမဲ့ ဒီရာသီမှာတော့ League Phase အဆင့်ပွဲစဉ်တွေ ယှဉ်ပြိုင်နေစဉ်မှာပဲ ကစားသမားတစ်ဦး အပြောင်းအလဲလုပ်ခွင့်ပေးဖို့ UEFA က ဆုံးဖြတ်ခဲ့တာပါ။
တင်သွင်းထားတဲ့ ကစားသမား(၂၅)ဦးစာရင်းထဲက ကစားသမားတစ်ဦး ကာလရှည်အနားယူရမယ့် ဒဏ်ရာပြဿနာ ရင်ဆိုင်ရတာမျိုး၊ နာမကျန်းဖြစ်တာမျိုး ရှိလာခဲ့ရင် ပွဲစဉ်(၆)မတိုင်ခင် အစားထိုးခေါ်ယူခွင့် ပြုသွားမှာ ဖြစ်ကြောင်း သိရပါတယ်။
ဒါကြောင့် လက်ရှိအချိန်မှာ တိုက်စစ်မှူး ဒီလပ်ကို ကာလရှည် အနားပေးရမယ့် ချယ်လ်ဆီးအသင်းအနေနဲ့ ကစားသမားသစ် အစားထိုးခေါ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။
UEFA ကတော့ (၂၅)ဦးစာရင်းထဲက ကစားသမားတစ်ဦး မကစားနိုင်ရင် ကျန်ကစားသမားတွေ ပွဲကစားချိန် ပိုများလာမှာကို ကာကွယ်နိုင်ဖို့ အခုလို စည်းမျဉ်း အပြောင်းအလဲပြုလုပ်လိုက်ခြင်းဖြစ်ကြောင်း ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group