Eleven Media Group

ပထမဆုံးရာသီမှာပဲ ဆုဖလားတွေ ရယူသွားလိုတယ်လို့ ပိုစတီကိုဂလူး ပြောကြား

Photo: X

နော်တင်ဟမ်ဖောရက်စ်အသင်းရဲ့ နည်းပြသစ် ဖြစ်လာတဲ့ ပိုစတီကိုဂလူးက ပထမဆုံးရာသီမှာပဲ ဆုဖလားတွေ ရယူသွားလိုတယ်လို့ ပြောကြားခဲ့ပါတယ်။
သြစတြေးလျနည်းပြ ပိုစတီကိုဂလူးဟာ ပြီးခဲ့တဲ့ရာသီမှာ စပါးအသင်းကို နှစ်ပေါင်းများစွာ ဝေးကွာနေတဲ့ ဆုဖလားအောင်ပွဲအဖြစ် ယူရိုပါလိဂ်ချန်ပီယံဆု ရယူပေးနိုင်ခဲ့ပေမဲ့ ရာသီကုန်ချိန်မှာ ရာထူးက ထုတ်ပယ်ခံခဲ့ရပါတယ်။
ဒါပေမဲ့ (၃)လအကြာမှာပဲ နော်တင်ဟမ်ဖောရက်စ်အသင်းရဲ့ နည်းပြသစ်အဖြစ် ခန့်အပ်ခံခဲ့ရတာကြောင့် ပရီးမီးယားလိဂ်နဲ့ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ပြန်လည်မြင်တွေ့ရတော့မှာပါ။
ပိုစတီကိုဂလူးက အသင်းပိုင်ရှင် မာရီနာကစ်ရဲ့ လက်အောက်မှာ ဒုတိယရာသီအထိ စောင့်ဖို့ မဖြစ်နိုင်တာကြောင့် ပထမရာသီမှာပဲ ဆုဖလားတွေ ရယူချင်တာဖြစ်တယ်လို့လည်း နောက်ပြောင်ခဲ့ပါတယ်။
''ပထမဆုံးရာသီမှာလည်း ကျွန်တော် ဆုဖလားတွေ ရယူနိုင်ခဲ့ဖူးပါတယ်။ ဆဲလ်တစ်မှာတုန်းက ပထမဆုံးရာသီမှာပဲ ဖလားနှစ်လုံး ရခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော် လုပ်နိုင်ပါတယ်။ ပထမရာသီမှာ ဆုဖလားရယူနိုင်မှ ဒီမှာ ကျွန်တော် ဒုတိယရာသီ ဆက်ရှိနိုင်မှာပါ'' လို့ ပိုစတီကိုဂလူးက ပြောကြားခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group