Eleven Media Group

ပရီးမီးယားလိဂ်မှာ လီဗာပူးလ်၊ လာလီဂါမှာ ရီးယဲလ်၊ စီးရီးအေမှာ အင်တာမီလန်၊ ဘွန်ဒစ်လီဂါမှာ ဘိုင်ယန်မြူးနစ်နဲ့ လီဂူး-၁ မှာ PSG တို့ ဗိုလ်စွဲရန် ဖြစ်နိုင်ခြေရာခိုင်နှုန်း အမြင့်ဆုံးဖြစ်နေ

Photo: X

၂၀၂၅-၂၀၂၆ ရာသီ ဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲငါးခုအနက် ပရီးမီးယားလိဂ်မှာ လီဗာပူးလ်၊ လာလီဂါမှာ ရီးယဲလ်မက်ဒရစ်၊ စီးရီးအေမှာ အင်တာမီလန်၊ ဘွန်ဒစ်လီဂါမှာ ဘိုင်ယန်မြူးနစ်နဲ့ လီဂူး-၁ မှာ PSG အသင်းတို့ ဗိုလ်စွဲရန် ဖြစ်နိုင်ခြေရာခိုင်နှုန်း အမြင့်ဆုံးဖြစ်နေကြောင်း သိရပါတယ်။
ဒီစစ်တမ်းကို ဘောလုံးနဲ့ ပတ်သက်တဲ့ အချက်အလက်များ သုတေသနပြုလုပ်နေသော ဆွစ်ဇာလန်နိုင်ငံအခြေစိုက် CIES Football Observatory က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ကမ္ဘာတစ်ဝန်းရှိ ထိပ်တန်းလိဂ်ပြိုင်ပွဲ ၂၉ ခုမှာ ဗိုလ်စွဲရန်ဖြစ်နိုင်ခြေရာခိုင်နှုန်း အမြင့်ဆုံးအသင်းများကို ဖော်ပြထားပါတယ်။
အဆိုပါ ဗိုလ်စွဲရန် ဖြစ်နိုင်ခြေရာခိုင်နှုန်းကို ပြိုင်ဘက်အသင်းရဲ့ ကွင်းဘက်ခြမ်းမှာ ဘောလုံးပေးပို့မှု၊ ကစားသမားခေါ်ယူမှုအတွက် ငွေကြေးရင်းနှီးမြှုပ်နှံမှု၊ ကစားသမားများရဲ့ ပြီးခဲ့တဲ့ရာသီ ပွဲကစားတဲ့မိနစ်နဲ့ လိဂ်ပြိုင်ပွဲအဆင့် စတဲ့ အချက်များအပေါ် အခြေခံတွက်ချက်ထားခြင်းဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ လက်ရှိချန်ပီယံ လီဗာပူးလ်အသင်းကပဲ ၂၈ ဒသမ ၉ ရာခိုင်နှုန်းနဲ့ ဗိုလ်စွဲရန် ဖြစ်နိုင်ခြေအမြင့်ဆုံး ဖြစ်နေပြီး အာဆင်နယ်အသင်းက ၁၈ ဒသမ ၈ ရာခိုင်နှုန်းနဲ့ ဒုတိယ၊ ချယ်လ်ဆီးအသင်းက ၁၆ ဒသမ ၂ ရာခိုင်နှုန်းနဲ့ တတိယ၊ မန်စီးတီးအသင်းက ၁၄ ဒသမ ၄ ရာခိုင်နှုန်းနဲ့ စတုတ္ထ၊ မန်ယူအသင်းမှာမူ ၂ ဒသမ ၆ ရာခိုင်နှုန်းနဲ့ အဆင့် ၈ နေရာသာ သတ်မှတ်ခံထားရပါတယ်။
လာလီဂါပြိုင်ပွဲမှာတောေ့ နည်းပြသစ် အလွန်ဆိုနဲ့အတူ ပြင်ဆင်မှုကြီးကြီးမားမားပြုလုပ်ထားတဲ့ ရီးယဲလ်မက်ဒရစ်အသင်းက ၄၀ ဒသမ ၆ ရာခိုင်နှုန်းနဲ့ တစ်ကျော့ပြန်ဗိုလ်စွဲရန် ဖြစ်နိုင်ခြေအမြင့်ဆုံး သတ်မှတ်ခံထားရပြီး ဘာစီလိုနာအသင်းက ၂၉ ဒသမ ၆ ရာခိုင်နှုန်း၊ အက်သလက်တီကိုအသင်းက ၂၂ ဒသမ ၁ ရာခိုင်နှုန်းနဲ့ အစဉ်လိုက်ရပ်တည်နေပါတယ်။
စီးရီးအေပြိုင်ပွဲမှာလည်း အင်တာမီလန်အသင်းက ၂၅ ဒသမ ၆ ရာခိုင်နှုန်းနဲ့ တစ်ကျော့ပြန်ဗိုလ်စွဲရန် ဖြစ်နိုင်ခြေအမြင့်ဆုံး သတ်မှတ်ခံထားရပြီး ဂျူဗင်တပ်စ်အသင်းက ၁၈ ဒသမ ၂ ရာခိုင်နှုန်းနဲ့ ဒုတိယ၊ နာပိုလီအသင်းက ၁၇ ဒသမ ၄ ရာခိုင်နှုန်းနဲ့ တတိယနေရာ ရပ်တည်နေပါတယ်။
ဘွန်ဒစ်လီဂါပြိုင်ပွဲမှာ လက်ရှိချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းကပဲ ၆၁ ဒသမ ၄ ရာခိုင်နှုန်းနဲ့ အပြတ်အသတ်ရေပန်းစားနေပြီး လီဂူး-၁ ပြိုင်ပွဲမှာလည်း ချန်ပီယံ PSG အသင်းကပဲ ၇၃ ရာခိုင်နှုန်းနဲ့ ချန်ပီယံဆု ထပ်မံရယူရန် ဖြစ်နိုင်ခြေအမြင့်ဆုံး သတ်မှတ်ခံထားရပါတယ်။

လိဂ်အလိုက် ရေပန်းအစားဆုံးအသင်းများ
လိဂ်ပြိုင်ပွဲ အသင်း ရာခိုင်နှုန်း
ပရီးမီးယားလိဂ် လီဗာပူးလ် ၂၈.၉%
လာလီဂါ ရီးယဲလ်မက်ဒရစ် ၄၀.၆%
စီးရီးအေ အင်တာမီလန် ၂၅.၆%
ဘွန်ဒစ်လီဂါ ဘိုင်ယန်မြူးနစ် ၆၁.၄%
လီဂူး-၁ PSG ၇၃.၀%

မူရင်းသတင်း — Eleven Media Group