
ပေါ်တူဂီလက်ရွေးစင် ကွင်းလယ်ခံစစ်ကစားသမား ရူဘင်နေးဗက်စ်ဟာ ဇူလိုင်လက ကွယ်လွန်သွားခဲ့တဲ့ သူငယ်ချင်းဖြစ်သူ ဒီယိုဂိုဂျိုတာရဲ့ ဇနီးနဲ့ သူ့ကို သမုတ်ခဲ့တဲ့ ပေါ်တူဂီမဂ္ဂဇင်း TV Guia ရဲ့ လုပ်ရပ်ကြောင့် ဒေါသထွက်နေပြီး လူမှုကွန်ရက်ကတစ်ဆင့် တုံ့ပြန်ဖြေရှင်းခဲ့ကြောင်း သိရပါတယ်။
ရူဘင်နေးဗက်စ်နဲ့ ဂျိုတာတို့ဟာ ပွဲပေါင်း ၁၆၄ ပွဲအထိ တွဲကစားခဲ့ဖူးတဲ့ အရင်းနှီးဆုံး သူငယ်ချင်းတွေဖြစ်ပြီး ဂျိုတာ ယာဉ်မတော်တဆမှုနဲ့ ရုတ်တရက်သေဆုံးသွားခဲ့ချိန်မှာ ထိခိုက်ခံစားခဲ့ရသူလည်းဖြစ်ပါတယ်။
ရူဘင်နေးဗက်စ်ဟာ ပေါ်တူဂီလက်ရွေးစင်အသင်းမှာ ဂျိုတာ ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၂၁ ကိုပြောင်းလဲဝတ်ဆင်ခဲ့သလို၊ ဂျိုတာနဲ့အတူ ပွေ့ဖက်အောင်ပွဲခံနေတဲ့ ရုပ်ပုံကိုလည်း သူ့ရဲ့ခြေသလုံးမှာ အမှတ်တရတက်တူးထိုးထားပါတယ်။
ဒါပေမဲ့ အခုအခါ TV Guia လို့ အမည်ရတဲ့ ပေါ်တူဂီမဂ္ဂဇင်းတစ်စောင်က ရူဘင်နေးဗက်စ်နဲ့ ဂျိုတာရဲ့ဇနီး ရူတီးကာဒိုဆိုတို့ မျက်နှာချင်းနီးကပ်နေတဲ့ပုံကို မဂ္ဂဇင်းမျက်နှာဖုံးမှာတင်ပြီး သူတို့နှစ်ဦး ငြိစွန်းနေတဲ့သဘော ဖော်ပြခဲ့ခြင်းဖြစ်ပါတယ်။
ဒါ့ကြောင့် ရူဘင်နေးဗက်စ်က လူမှုကွန်ရက်ကတစ်ဆင့် တုံ့ပြန်ဖြေရှင်းခဲ့ခြင်းဖြစ်ပါတယ်။
ရူဘင်နေးဗက်စ်က မိမိနဲ့ ဇနီးဖြစ်သူဟာ ၁၁ နှစ်ကြာ ပျော်ရွှင်စာ အတူရှိနေခဲ့ပြီး ဂုဏ်ယူရတဲ့ မိသားစုကို ပိုင်ဆိုင်ထားကြောင်း၊ မိမိတို့ကြားမှာ အငြင်းပွားစရာများလည်း မရှိခဲ့ကြောင်း၊ ရူတေးနှင့် သူ့မိသားစုကို အကောင်းဆုံးနည်းလမ်းနဲ့ ကူညီပေးခဲ့ကြောင်း၊ မိမိအနေနဲ့ လူတိုင်းရဲ့ အလုပ်ကို လေးစားပေမဲ့ တခြားသူတွေအပေါ် မလေးစားသူတွေကိုတော့ လေးစားမှာမဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။