Eleven Media Group

တံကောက်ကြောဒဏ်ရာ ရရှိခဲ့တဲ့ တိုက်စစ်မှူး ဒီလပ် သုံးလအထိ အနားယူရမယ်လို့ မာရက်စကာ အတည်ပြု

Photo: X

ချယ်လ်ဆီးအသင်းရဲ့နည်းပြ မာရက်စကာက တံကောက်ကြောဒဏ်ရာ ရရှိခဲ့တဲ့ တိုက်စစ်မှူး ဒီလပ်အနေနဲ့ သုံးလဝန်းကျင်အထိ အနားယူရမယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။
ဒီနှစ် နွေရာသီမှာမှ အစ်ဝစ်ချ်အသင်းကနေ ချယ်လ်ဆီးကို ပြောင်းရွှေ့လာခဲ့တဲ့ အင်္ဂလန်တိုက်စစ်မှူး ဒီလပ်ဟာ ဖူလ်ဟမ်အသင်းကို ၂-၀ ဂိုးနဲ့ အနိုင်ရရှိတဲ့ပွဲမှာ တံကောက်ကြောဒဏ်ရာ ရရှိခဲ့တာပါ။
ချယ်လ်ဆီးအသင်းဟာ မူလက ဒီလပ်ကို နိုဝင်ဘာလအတွင်း ပြန်ကစားနိုင်မယ်လို့ ခန့်မှန်းခဲ့ပေမဲ့ စမ်းသပ်စစ်ဆေးမှုများ ထပ်မံပြုလုပ်ပြီးနောက် ဒီဇင်ဘာလမှသာ ပြန်ကစားနိုင်ဖွယ်ရှိကြာင်း အတည်ပြုခဲ့ခြင်းဖြစ်ပါတယ်။
သောကြာနေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ မာရက်စကာက ''လီယမ်(ဒီလပ်)ဟာ ၁၀ ပတ်ကနေ ၁၂ ပတ်ဝန်းကျင် အနားယူရမယ်လို့ ထင်ပါတယ်။ ဒါကြောင့် ခရီးရှည်သွားရမှာပါ''လို့ ပြောကြားခဲ့ပါတယ်။
နီကိုလက်စ်ဂျင်ဆင် အသင်းမှာ ဆက်မနေဘဲ ဘိုင်ယန်မြူးနစ်အသင်းထံ အငှားနဲ့ ပြောင်းရွှေ့သွားခြင်းအပေါ် မေးမြန်းမှုကိုတော့ ''သူက ဘိုင်ယန်မြူးနစ်ကစားသမားတစ်ယောက် ဖြစ်နေပါပြီ။ ကျွန်တော် သူ့ကို မက်ဆေ့ချ် ပို့ခဲ့ပါတယ်။ အကောင်းဆုံးဖြစ်ပါစေလို့လည်း ဆုတောင်းပေးပါတယ်။ သူက အလွန်ကောင်းတဲ့ကစားသမား၊ အလုပ်ကောင်းကောင်းလုပ်တဲ့သူပါ။ ဒါကြောင့် အကောင်းဆုံးဖြစ်ပါစေလို့ ဆုတောင်းပေးတာပါ။ ကျွန်တော် ပြောနိုင်တာ ဒီတစ်ခုပဲ ရှိပါတယ်''လို့ ပြောကြားခဲ့ပါတယ်။
ဒီလပ်ဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၁၀ ပွဲဝန်းကျင် လွဲချော်ရမယ်လို့ သိရပါတယ်။

မူရင်းသတင်း — Eleven Media Group