Eleven Media Group

ချယ်လ်ဆီးနဲ့ ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်ပွဲမှာ အနိုင်ရရှိလိုတယ်လို့ နီကိုလက်စ်ဂျက်ဆင် ပြောကြား

Photo: X

ချယ်လ်ဆီးအသင်းကနေ ဘိုင်ယန်မြူးနစ်အသင်းကို အငှားနဲ့ ပြောင်းရွှေ့ခဲ့တဲ့ ဆီနီဂေါတိုက်စစ်မှူး နီကိုလက်စ်ဂျက်ဆင်က ချယ်လ်ဆီးနဲ့ ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်ပွဲမှာ အနိုင်ရရှိလိုတယ်လို့ ပြောကြားခဲ့ပါတယ်။
နီကိုလက်စ်ဂျက်ဆင်ဟာ ၂၀၂၃ နွေရာသီကမှ ဗီလာရီးယဲလ်ကနေ ချယ်လ်ဆီးကို ပေါင် ၃၂ သန်းနဲ့ ပြောင်းရွှေ့ရောက်ရှိခဲ့သူ ဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံ ၈၁ ပွဲမှာ ဂိုး ၃၀ သွင်းယူနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ချယ်လ်ဆီးအသင်းက တိုက်စစ်ပိုင်းကို အပြောင်းအလဲပြုလုပ်လျက်ရှိရာ နီကိုလက်စ်ဂျက်ဆင်ကို ပြီးခဲ့တဲ့ နွေရာသီကာလအတွင်း ရောင်းထုတ်ဖို့တောင် စီစဉ်ခဲ့ကြောင်းလည်း သိရပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းက နီကိုလက်စ်ဂျက်ဆင်ကို တစ်ရာသီငှားရမ်းခြင်းအတွက် ငှားရမ်းခအဖြစ် ယူရို ၁၆ ဒသမ ၅ သန်း ပေးချေရမှာဖြစ်ကြောင်း သိရပါတယ်။
အဲဒီငှားရမ်းခဟာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ သမိုင်းတစ်လျှောက် အများဆုံးအသုံးပြုရတဲ့ ငှားရမ်းခအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ရာသီကုန်ချိန်မှာ ယူရို ၆၅ သန်းနဲ့ အပြီးသတ်ခေါ်ယူနိုင်မယ့် သဘောတူညီချက် ပါဝင်တယ်လို့ သတင်းထွက်ခဲ့ပေမဲ့ အနည်းဆုံးပွဲ ၄၀ ပွဲထွက်ကစားနိုင်မှသာ ယင်းအချက် အကြုံးဝင်မည် ဖြစ်ကြောင်း သိရပါတယ်။
နီကိုလက်စ်ဂျက်ဆင်ဟာ ဘိုင်ယန်မြူးနစ်အသင်းကို အငှားနဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိပြီးမှ ချယ်လ်ဆီးအသင်းက တိုက်စစ်မှူး ဒီလပ် ဒဏ်ရာရရှိသွားတဲ့အတွက် ပြန်လည်ပယ်ဖျက်ဖို့ စီစဉ်ခဲ့ပါသေးတယ်။
နီကိုလက်စ်ဂျက်ဆင်က အတင်းအကျပ်တောင်းဆိုခဲ့လို့သာ အပြောင်းအရွှေ့နောက်ဆုံးနေ့မှာ အပြီးသတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
နီကိုလက်စ်ဂျက်ဆင်ဟာ နိုင်ငံတကာရက်သတ္တပတ်အတွင်း လက်ရွေးစင်အသင်းအတွက် ကစားခဲ့ရတာကြောင့် သောကြာနေ့မှ ဘိုင်ယန်မြူးနစ်အသင်းနဲ့ စတင်ပူးပေါင်းနိုင်ခဲ့ကြောင်း သိရပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ League Phase အဆင့်မှာ ချယ်လ်ဆီးအသင်းနဲ့ စတင်ဆုံတွေ့ရမှာဖြစ်ပြီး နီကိုလက်စ်ဂျက်ဆင်က ''ကျွန်တော်တို့ ဗုဒ္ဓဟူးနေ့မှာ ချယ်လ်ဆီးနဲ့ ရင်ဆိုင်ကစားရမှာဖြစ်ပြီး သူငယ်ချင်းတွေနဲ့ ပြန်တွေ့ချင်သလို၊ အဲဒီပွဲကို အနိုင်ရချင်ပါတယ်''လို့ ပြောကြားခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group