Eleven Media Group

ဖလားသုံးလုံးရခဲ့တဲ့ ရာသီကထက် ဟာလန်း ပိုကောင်းနေကြောင်း ဂွါဒီယိုလာပြောကြား

Photo: X

မန်စီးတီးနည်းပြ ဂွါဒီယိုလာက တိုက်စစ်မှူး ဟာလန်းဟာ ဖလားသုံးလုံးရခဲ့တဲ့ ရာသီကထက် ပိုကောင်းနေတယ်လို့ မန်ယူနဲ့ပွဲအပြီးမှာ ချီးကျူးပြောကြားခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ မန်ချက်စတာဒါဘီပွဲမှာ မန်ယူအသင်းကို (၃-၀)ဂိုးနဲ့ အနိုင်ရခဲ့ပြီး ဟာလန်းက (၂)ဂိုးသွင်းယူပေးခဲ့ပါတယ်။
ဟာလန်းဟာ ဒီရာသီ ပရီးမီးယားလိဂ်(၄)ပွဲကစားရာမှာ (၅)ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပြီး ပြိုင်ပွဲရဲ့ ဂိုးသွင်းအများဆုံးကစားသမားအဖြစ်လည်း ဦးဆောင်ရပ်တည်လျက်ရှိပါတယ်။
ဒါ့အပြင် သူ့အနေနဲ့ မန်စီးတီးကစားသမားဘဝ ပရီးမီးယားလိဂ် အိမ်ကွင်းပွဲ(၅၀)ပြည့်မှာ ဂိုး(၅၀)ပြည့်သွင်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။
''အာလင်းက မန်စီးတီးကစားသမားဘဝကို အစပြုကတည်းက မယုံနိုင်စရာကောင်းတဲ့သူပါ။ ဒါပေမဲ့ ဒီရာသီမှာတော့ သူ ပိုကောင်းနေပါတယ်။ ဖလားသုံးလုံးရခဲ့တုန်းကထက်တောင် ပိုကောင်းနေတယ်လို့ ကျွန်တော် ပြောနိုင်ပါတယ်။ သူက တက်ကြွလွန်းနေပြီး သူ ဂိုးဘယ်လောက်သွင်းနိုင်မလဲဆိုတာကိုတော့ ကျွန်တော် မပြောနိုင်ပါဘူး။ ဂိုးတွေသွင်းပြီး အသင်းကို အကူအညီပေးနိုင်ဖို့ အလိုရှိပါတယ်'' လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group