Eleven Media Group

မိမိရဲ့ ဘောလုံးဒဿနကို အပြောင်းအလဲလုပ်မှာ မဟုတ်ဘူးလို့ အာမိုရင်မ် ပြောကြား

Photo: X

မန်ယူအသင်းရဲ့နည်းပြ အာမိုရင်မ်က မိမိရဲ့ဘောလုံးဒဿနကို အပြောင်းအလဲလုပ်မှာ မဟုတ်ဘဲ အသင်းတာဝန်ရှိသူတွေ အလိုရှိရင် လူကိုသာ အပြောင်းအလဲလုပ်နိုင်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။
မန်ယူအသင်းဟာ မန်ချက်စတာဒါဘီမှာ မန်စီးတီးအသင်းကို ရှုံးနိမ့်ခဲ့တဲ့အတွက် ဒီရာသီပရီးမီးယားလိဂ်ပွဲစဉ်(၄)အပြီးမှာ ရှုံးပွဲ(၂)ပွဲ ရှိသွားခဲ့သလို၊ အာမိုရင်မ်လက်ထက်မှာ (၁၆)ပွဲမြောက် ပရီးမီးယားလိဂ်ရှုံးပွဲ ဖြစ်ခဲ့ပါတယ်။
အာမိုရင်မ်ဟာ အသင်းနဲ့ အဆင်မပြေတဲ့ (၃-၄-၃) ကစားပုံနဲ့ ဘောလုံးဒဿနကို တရားသေကိုင်စွဲနေသူဖြစ်ကြောင်း ဝေဖန်ထောက်ပြမှုတွေ ရှိနေပေမဲ့ အာမိုရင်မ်က အပြောင်းအလဲလုပ်မှာမဟုတ်ဘဲ သူ့ပုံစံအတိုင်းပဲ ရှေ့ဆက်မယ်လို့ ဆိုခဲ့တာပါ။
''ကျွန်တော့်ရဲ့ ဘောလုံးဒဿနကို အပြောင်းအလဲ မလုပ်နိုင်ပါဘူး။ သူတို့(အသင်းတာဝန်ရှိသူတွေ) အပြောင်းအလဲလုပ်ဖို့ အလိုရှိရင် လူကိုပဲ ပြောင်းလဲရမှာပါ။ ကျွန်တော်ကတော့ ကိုယ်တိုင် အပြောင်းအလဲလုပ်ဖို့ ဆန္ဒရှိလာတဲ့အထိ ကျွန်တော့် နည်းလမ်းအတိုင်းပဲ ဆက်ကစားသွားမှာပါ။ မေးခွန်းတွေကို ကျွန်တော် နားလည်သလို၊ မန်ယူနိုက်တက်အသင်းမှာ မဖြစ်သင့်တဲ့ မှတ်တမ်းတွွေ ဆိုတာလည်း ကျွန်တော် လက်ခံပါတယ်။ ဒါပေမဲ့ ဒီမှာ ဖြစ်ပျက်နေတာတွေက အများကြီးပါ။ ကျွန်တော် အားလုံးကို နားလည်ပါတယ်။ ပရိသတ်တွေ အယုံအကြည်မရှိတော့တာလည်း ပုံမှန်ပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့ ပိုကောင်းမလာဘူူးဆိုတာကိုတော့ လက်မခံပါဘူး။ ကျွန်တော်တို့ ပိုကောင်းလာပါတယ်။ ရလဒ်တွေကတော့ ဒါကို မပြနိုင်ပါဘူး။ ကျွန်တော် အကောင်းဆုံးလုပ်သွားမှာပါ။ ကျွန်တော်က ပရိသတ်တွေထက် ပိုပြီးနာကျင်ခံစားရပါတယ်'' လို့ အာမိုရင်မ်က ပြောကြားခဲ့ပါတယ်။
အာမိုရင်မ်ဟာ လက်ရှိအချိန်မှာ ရာထူးက ထုတ်ပယ်ခံရဖို့ ပိုပြီးရေပန်းစားလာကြောင်း သိရပါတယ်။

မူရင်းသတင်း — Eleven Media Group